နန်းမားသုင်္သာန်အနီး စစ်ကြောင်းချီနေတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ ၄ ဦးသေဆုံး

မိုးညှင်းမြို့နယ်၊ နန်းမားမြို့ သုင်္သာန်အနီးတွင် ယမန်နေ့ ဇွန်လ ၇ ရက်နေ့ မနက် ၇ နာရီခွဲတွင် စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း (၅)တို့ နှစ်ဖက် ထိတွေ့မှု ရှိခဲ့ပါတယ်။

အဆိုပါစစ်ကြောင်းက ဖားကန့်မြို့ဘက်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၁၆) စစ်ကြောင်းဖြစ်ကာ နန်းမားတွင် ခတ္တခဏစခန်းချကာ ဆက်လက်ထွက်ခွာလာတာကြောင့် KIA နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့မှ မိုင်း ၄ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်စဉ် အကြမ်းဖက် စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်အရ သိရပါတယ်။

ဖားကန့်မြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေစဉ်မှာလည်း ကေအိုင်အေတပ်မှ မကြာခဏတိုက်ခိုက်ခြင်းကို ခံထားရတဲ့ စစ်ကြောင်းဖြစ်ကာ ယခုတွင်လည်း ဆက်လက် တိုက်ခိုက်ခြင်းခံရတာလည်း ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့ တနိုင်း-လီဒိုလမ်းပေါ်ရှိ နောင်းမီကျေးရွာ လယ်ပြင်ဘက် ခြေလျင်ဖြင့် စစ်ကြောင်းလှုပ်ရှားနေတဲ့ အင်အား ၅၀ ပါ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၉၀) တပ်ကို ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးခဲ့သလို ဇွန်လ ၃ ရက်နေ့မှာတော့ ပန်ခေါန်တပ်စခန်းမှ​ ထွက်ခွာလာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*