နန့်ဟူကျေးရွာအနီး အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေ မုံကိုးဒေသ ဘန်ဆိုင်းကျေးရွာနဲ့ နန့်ဟူကျေးရွာကြား ဩဂုတ်လ ၃ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို ကိုးကန့်တပ်မတော် (MNDAA)  မှ ကြားဖြတ်တိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက်အာဏာသိမ်းစစ်တပ်အဖွဲ့က ကိုးကန့်တပ်မတော်တည်ရှိရာနယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာခြင်းကြောင့် ဇူလိုင်လကတည်းက ထိုဒေသအနီးတဝိုက်တွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုတွေက အမြဲလိုလိုရှိနေတာပဲ ဖြစ်ပါတယ်။

ဖောင်းဆိုင်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့က ယနေ့ နေ့လည် ၁၁ နာရီခွဲကတစ်ပြီး ညနေပိုင်း ၂ နာရီခွဲအချိန်ထိ ကိုးကန့်တပ်မတော် တည်ရှိတဲ့ လွယ်ငူတောင်ဘက် လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေကာ မြေပြင်ကနေလည်း ထိုးစစ်ဆင်မှုတွေကို တရစပ်ပြုလုပ်နေကြောင်း သိရှိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်မတော်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေအမြဲလိုလိုဖြစ်ပွားနေတာကြောင့် အနီးနားကျေးရွာရှိ ပြည်သူအချို့ကလည်း စစ်ရေးပိုမိုတင်းမာ ပြင်းထန်လာမည်ကို စိုးရိမ်းခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Leave a Reply

*