နန့်ယားဂိတ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ဆေးမှုပြင်းထန်နေ

ဖားကန့်လမ်းပိုင်း နန့်ယားကျေးရွာတွင် တပ်စွဲနေရာယူထားတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၂) နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့က ဖြတ်သွားဖြတ်လာ ပြည်သူများကို စစ်ဆေးမေးမြန်းမှုတွေ ပြင်းထန်စွာပြုလုပ်နေကြောင်း ခရီးသွားပြည်သူထံမှ​ သိရပါတယ်။

အဆိုပါ စုပေါင်းဂိတ်တွင် လွန်ခဲ့သော ရက်ပိုင်းကစတင်ပြီး ဖားကန့်- မြစ်ကြီးနား ခရီးသွားလာသူများရဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များကို ပိုက်စိပ်တိုက်ရှာဖွေမှု ပြင်းထန်စွာပြုလုပ်ကြောင်း ခရီးသွားပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“အပြင်းအထန်ကို စစ်တာဗျာ၊ အရင်ရက်တုန်းကတော့ အဲ့လောက်မစစ်ဘူး အခုကတော့ ကားတွေ အများကြီးတန်းစီနေရတဲ့အထိကို စစ်နေတယ်၊ ကားအကြီး အသေးအားလုံးကို တက်ပြီးတော့ကို ရှာတာ၊ ဆိုင်ကယ်ကိုတော့ အသေးစိတ်စစ်တယ်၊ ဖုန်းအထိ စစ်တာဗျာ”

အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဘယ်လိုအကြောင်းရင်းကြောင့် ယခုလို စစ်ဆေးနေခြင်းကို အတိအကျမသိရှိရသေးပေမယ့် ဖြတ်သန်းသွားလာသူတိုင်းကို စစ်ဆေးနေခြင်းကြောင့် ခရီးသွားချိန်နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ကြုံတွေ့ခဲ့ရကာ စိတ်အနှောက်အယှက်ဖြစ်စေကြောင်း သူကပြောပါတယ်။

လွန်ခဲ့သော အချိန်များတွင် ကုန်တင်ကားကြီးမျာကိုသာ အဓိကထား စစ်ဆေးနေတာဖြစ်ပြီး ဖြတ်သန်းကြေး ကောက်ခံခြင်းများသာ ပြုလုပ်လေ့ရှိကာ KIA, PDF ပူးပေါင်းတပ်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ဘူးတဲ့ စုပေါင်းဂိတ်တွေဖြစ်တဲ့ လဝါးဂိတ်နဲ့ ကားမိုင်း ကောင်ရာဂိတ် နှစ်ခုကို မတ်လ ၃ ရက်နေ့ကစတင်ပြီး မနက် ၅ နာရီကနေ ညနေ ၅ နာရီအချိန်ထိ ဖြတ်သန်းသွားလာသူများကို စစ်ဆေးနေကြောင်း သိရပါတယ်။

Leave a Reply

*