ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ နန်ဇော်ယန်ဒေသ ဝါရှဂါတောင်တွင် ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့လည်ပိုင်း ၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ ကေအိုင်အေကြား ၃ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ကေအိုင်အေနယ်မြေဘက် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်မှ အထိနာ သေဆုံးမှုများပြားခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်မှ အထိနာလာခြင်းကြောင့် ဝိုင်းမော်ရှိ ခလရ (၅၈) တပ်စခန်းက တိုက်ပွဲဖြစ်ပွားရာနေရာဘက် လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့သလို ဇူလိုင် ၁၁ ရက်နေ့တွင်လည်း ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ကူတာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ပူးပေါင်းစစ်ကြောင်းက ဇူလိုင် ၁၀ ရက်နေ့ကစတင်ပြီး နန်ဇော်ယန်ဒေသဘက် စစ်ရေးလှုပ်ရှားလာခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယနေ့အချိန်ထိ တပ်များ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်ဖို့ ရှိနေသေးကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ထို့အပြင် ယမန်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် မြစ်ကြီးနားအထွက် မရန်အနီး ၂၁ မိုင် စစ်ဆေးရေးဂိတ်ကို ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) မှ လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။