နန်ဆန်ယန်စစ်ဘေးရှောင်ပြည်သူ ခြံဝင်းများတွင် ရွှေတူးဖော်ခြင်း ပြဿနာဖြစ်ပွားနေ

မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင် တိုက်ပွဲများပြင်းထန်ခြင်းကြောင့် ထွက်ပြေးတိမ်ရှောင်နေကြရတဲ့ ကျေးရွာအချို့တွင် လက်ရှိနိုင်ငံရေးအခြေအနေ ရှုပ်ထွေးမှု၊ တရားဥပဒေစိုးမိုးခြင်း အားနည်းနေမှုများကို အခွင့်ကောင်းယူကာ ရွှေတူးဖော်ခြင်းများကို ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

နန်ဆန်ယန်ကျေးရွာရှိ ပြည်သူများက စစ်ဘေးရှောင်နေကြရချိန် သူတို့ရဲ့ နေအိမ်များ၊ ခြံဝင်းများတွင် ရွှေတူးဖော်မှုများ ပြုလုပ်ပေးလိုက်ခြင်းတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

“အိမ်ခြံဝင်းထဲမှာကို ခြံဝင်တစ်ခုလုံးနီးပါးတူးလိုက်တယ်ဗျာ၊ အခြားခြံဝင်းနဲ့မှားပြီး တူးတာတဲ့လေ၊ ကျနော်တို့လည်း သတင်းကြားတာနဲ့ သွားကြည့်တော့ နေရာအကုန်တူးစားလိုက်တယ် အဲ့ဒါကြောင့် သက်ဆိုင်ရာကို ပြောပြီး ပြန်လာခဲ့လိုက်တယ်၊ အရင်ကတည်းက အဲ့ဒီနေရာမှာဘဲ နေထိုင်တာကို ယခုလိုဖြစ်ပွားသွားတော့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်” လို့ မိမိခြံဝင်း ရွှေတူးဖော်ခြင်းခံလိုက်ရတာကြောင့် နစ်နာသွားခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်တွင် နန်ဆန်ယန်ကျေးရွာရှိ လမ်းမကြီးနဘေးကလွဲပြီး ကျန်နေရာများတွင် ရွှေတူးဖော်ခြင်းများကို ပြုလုပ်ပေးလိုက်ခြင်းကြောင့် နေအိမ်ပိုင်ရှင်များက နိုင်ငံရေးအခြေအနေကြောင့် နေရပ်မပြန်နိုင်ဖြစ်နေပြီး ရွှေခိုးယူတူးဖော်သူများက ခြံဝင်းတွင်း ကုန်စင်အောင် ရွှေတူးဖော်ကာ မြေဇာများဖို့ပြီး ချန်ထားပေးခဲ့မှုတွေလည်း ရှိနေကြောင် ဒေသခံများထံမှ သိရပါတယ်။

နန်ဆန်ယန်ကျေးရွာတွင် ၂၀၁၉ ခုနှစ်က အိမ်ထောင်စုအချို့ နေရပ်ပြန်လာမှုတွေရှိပေမယ့် အများစုကတော့ စစ်ဘေးရှောင်နေကြသေးတာဖြစ်ပြီး နေရပ်ပြန်ရေးအစီအစဉ်တွေကလည်း ကြန့်ကြာနေသးတာကြောင့် မိမိနေအိမ် ခြံဝင်းများ ဆုံးရှုံးသွားခဲ့ရမှာကိုလည်း ဒေသခံများက စိုးရိမ်နေကြရပါတယ်။

Leave a Reply

*