မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာ ဘုန်းကြီးကျောင်းဘေးရှိ လယ်ခင်းတွင် ယနေ့ ဧပြီလ ၈ ရက်နေ့ မနက် ၇ နာရီခန့်က မိုင်း ၂ ကြိမ်ပေါက်ကွဲမှုဖြစ်တာကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်များက ဒေသခံများကို ခြိမ်းခြောက်မေးမြန်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်များက ကျေးရွာတဝိုက်လက်နက်များဖြင့် ပစ်ခတ်မှုတွေလုပ်ဆောင်နေခဲ့ပြီး မိုင်းပေါက်ကွဲတဲ့နေရာအနီးရှိ နေအိမ်တစ်ခုမှ ဒေသခံတစ်ဦးကို သေနတ်ဖြင့်ရိုက်နှက်မှုတွေပြုလုပ်ပြီး စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။
“နန်ကျင်ကျေးရွာအဝင်မှာရှိတဲ့ ဘုန်းကြီးကျောင်းအနီးက လယ်ကွင်းမှာ မိုင်းပေါက်ကွဲပြီးတော့ စစ်ကောင်စီတပ်များက မနက်တပိုင်းလုံး သေနတ်နဲ့ ရမ်းသန်းပစ်ခတ်နေခဲ့တာ အဲ့အနီးမှာရှိတဲ့ လီဆူလင်မယားနေတဲ့အိမ်ကိုဝင်ပြီး သေနတ်နဲ့ ရိုက်နှက်ပြီး ဒီမှာဘယ်သူမိုင်းလာဖောက်တာသိသလား မြင်လိုက်သလား ဆိုပြီးတော့ ကြမ်းတမ်းစွာမေးမြန်းခဲ့တယ် ဖမ်းဆီးခြင်းတော့မလုပ်ခဲ့ဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်များက နန်ကျင်ကျေးရွာအဝင်အထွက်ပြုလုပ်တဲ့ ပြည်သူများကို နေ့လည်ပိုင်းအထိ စစ်ဆေးမေးမြန်းမှုတွေကို လုပ်ဆောင်ခဲ့ကြပါသေးတယ်။