ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။
ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၁၂ က ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဆိုင်ကယ်ဖြင့် သွားလာနေတဲ့ ပြည်သူတစ်ဦးကို ဖမ်းဆီးရိုက်နှက် နှိပ်စက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဖမ်းဆီးနှိပ်စက်မှု ခံထားရသူကတော့ ဖားကန့်လမ်းပေါ်ရှိ တံတားညီနောင်ကျေးရွာနေ အသက် ၅၀ အရွယ် ဦးထန်လျန်း ဆိုသူဖြစ်ပြီး နေအိမ်မှ နန့်ယားကျေးရွာဘက် ဈေးဝယ်ထွက်ဖို့ လာရောက်စဉ် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့အဖွဲ့တို့ရဲ့ စစ်ဆေးရေးဂိတ်တွင် ရပ်ခိုင်းကာ စစ်ဆေးမေးမြန်းပြီး ရိုက်နှက်နှိပ်စက်ကာ စစ်တပ်ဝင်းဘက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။
မည်သည့်အကြောင်းရင်းဖြင့် ဦးထန်လျန်းကို ဖမ်းဆီးထားခြင်းကို မသိရှိရသေးကာ မိသားစုများနဲ့ ရပ်ရွာလူထုအချို့ စစ်တပ်စခန်းဘက် သွားရောက်ကာ ပြန်လည်လွတ်ပေးဖို့ ဆွေးနွေးခဲ့ပေမယ့် လွတ်ပေးခြင်းမရှိသေးကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့က နန့်ယားကျေးရွာတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ စစ်ဆေးမှု ပြင်းထန်စွာပြန်လည်ပြုလုပ်လာခဲ့ကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။