ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် ရှိတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၁၂)နဲ့ ပြည်သူ့စစ်အဖွဲ့တို့က နိုင်ဝင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

ယနေ့မနက် ၉ နာရီခန့်တွင် နန့်ယားကျေးရွာရှိ ရှမ်းနီပြည်သူ့စစ် ဗိုလ်စိုးလွင်နဲ့ ဇနီးတို့နှစ်ဦး နွားကျောင်းထွက်အသွား အိမ်ပြန်လာရောက်ခြင်းမရှိတာကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က နန့်ယားကျေးရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖော့ယမ်နော်မိုင်၊ ထန်ဆောင်၊ နော်ရိန် တို့သုံးဦးကို သူတို့နေအိမ်ထဲမှာ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
“ဒီနေ့မနက်မှာ ရှမ်းနီပြည်သူ့စစ်ဗိုလ်နဲ့ သူ့ဇနီး နွားကျောင်းထွက်သွားပြီး ပြန်မလာတော့ အဲ့ဒီရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ သိကြမှာပဲ ဆိုပြီးတော့ မသင်္ကာမှုနဲ့ ဖမ်းသွားကြတာပါ၊ နေအိမ်အတွင်းမှာကို ဝင်ဖမ်းတာ၊ သေနတ် နှစ်ကြိမ်ပစ်ဖောက်လိုက်သေးတယ်၊ အခုတော့ နန့်ယားအုပ်ချုပ်ရေးမှူးရုံးမှာ ဖမ်းထားပြီး စစ်ဆေးနေတယ်လို့တော့ ကြားရတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့က မသင်္ကာသူများအားလုံးကို ဖမ်းဆီးရိုက်နှက်ပြီး စစ်ဆေးခြင်းတွေ လုပ်ဆောင်လေ့ရှိတာကြောင့် ဒေသခံများက စိုးရိမ်စိတ်ဖြစ်ပေါ်နေကြရပါတယ်။ ယခင်အချိန်တွေတုန်းကလည်း မတရားဖမ်းဆီး နှိပ်စက်မှုတွေ ဖြစ်ပွားလေ့ရှိကာ အပြစ်မဲ့ပြည်သူ သေဆုံးတဲ့အထိ ရှိခဲ့သလို ထိုအမှုများအတွက်လည်း တာဝန်ယူဖြေရှင်းမှု မရှိခဲ့ကြောင်း သိရပါတယ်။