ဒေါ့ဖုန်းယန်ကျေးရွာ လမော့ချောင်းအနီးတွင် ရွာသားနှစ်ဦး အောက်တိုဘာ ၁၈ ရက်နေ့က မြေမြုပ်မိုင်းနှင်းမိပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
မိုင်းနင်းမိသူနှစ်ဦးထဲက တစ်ဦးကတော့ ရပ်ကွက် (၁)တွင်နေထိုင်တဲ့ အသက် (၃၆) နှစ်အရွယ် ဦးမဂျီနော်ရိန့်နဲ့ သားဖြစ်သူ (၁၁) နှစ်အရွယ် မျိုးလတ်အောင်ဖြစ်ကြပြီး သူတို့နှစ်ဦး လမော့ချောင်းတဝိုက် ငါးရှော့လိုက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဖခင်ဖြစ်သူကတော့ ဘယ်ဘက်လက်၊ ပေါင်၊ မျက်နှာနဲ့ နောက်ကျောဘက် မိုင်းစထိမှန်ခဲ့ကာ သားဖြစ်သူကတော့ ဦးခေါင်း၊ ညာဘက်လက်မောင်းပိုင်းဘက် မိုင်းစထိမှန်ခဲ့ပါတယ်။
ဘယ်အဖွဲ့မြုပ်နှံထားတဲ့ မိုင်းဖြစ်တယ်ဆိုတာကို မသိရှိရသေးကာ မိုင်းနှင်းမိသူ သားအဖနှစ်ဦးကတော့ လက်ရှိတွင် ဒေါ့ဖုန်းယန်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုကို ခံယူနေပါတယ်။
“အခုသူတို့သားအဖကို ဒေါ့ဖုန်းယန်ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေတယ်၊ ဆရာဝန်ကလည်း ကုသပေးမယ်တဲ့၊ မိုင်းစအချို့ကိုတော့ ခွဲထုတ်လိုက်ပေမယ့် အချို့က အနည်းငယ်နက်တော့ မထုတ်နိုင်သေးဘူး ဗန်းမော်ဆေးရုံကိုတော့ သွားစရာမလိုဘူးတဲ့” လို့ဒေသခံတစ်ဦးကပြောပါတယ်။
လွန်ခဲ့သော ၅ လတွင်လည်း ရွာအနီးဟင်းသီးဟင်းရွက်ရှာဖွေထွက်စဉ် ဒိန်ဂါ့ယန်ဒေသခံနှစ်ဦး ယခုလိုဖြစ်ပွားခဲ့ဘူးတာကြောင့် ဒေသခံများရဲ့ စိုးရိမ်စိတ်ကို မြင့်တက်စေခဲ့ပါတယ်။
ဒေါ့ဖုန်းယန်ကျေးရွာက အိမ်ထောင်စု နှစ်ရာကျော်ရှိကာ အများစုကတော့ လယ်ယာ၊ တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြတာဖြစ်ပါတယ်။