ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကျဉ်းထောင်တွင်း ရုံးထုတ်ခဲ့ပေမယ့် မိသားစုဝင်များ အဝေးကနေသာ ကြည့်ရှုခွင့်ရရှိခဲ့

ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခြင်းကို ခံထားရတဲ့ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်တွင်း ရုံးထုတ်ခဲ့ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ထုတ်ပြန်ထားပါတယ်။

ယနေ့ ရုံးထုတ်ချိန်တွင် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို တစ်စုံတစ်ရာ စစ်ဆေးခြင်းမရှိသေးကာ ရှေ့နေ့များဖြင့် တွေ့ဆုံခွင့်သာ ပေးပြီး ချုပ်ရက်ရမန်သာ ထပ်တိုးယူသွားခဲ့ပြီး မိသားစုဝင်များကတော့ အဝေးကနေသာ မြင်တွေ့ခွင့်ရရှိခဲ့ပါတယ်။

ဆရာတော်ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) စတဲ့ အမှု ၂ ခုဖြင့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့မှ အမှုဖွင့်တရားစွဲဆိုကာ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နောက်ထပ်ရုံးချိန်ရယူထားကြောင်း သိရပါတယ်။

ခရစ္စမတ်နဲ့ နှစ်ကူးနေ့တွေဟာ ခရစ်ယာန်ဘာသာဝင်များအတွက် အလွန်တရာအရေးပါတဲ့ နေ့ရက်လေးတစ်ခုဖြစ်ပေမယ့် ဆရာတော်အနေဖြင့် ခရစ္စမတ်နေ့ကို စစ်ကြောရေးတွင် ဖြတ်သန်းခဲ့ရပြီး နှစ်သစ်ကူးနေ့ကိုတော့ အကျဉ်းထောင်တွင် ခါးတီးစွာဖြတ်သန်းခဲ့ရကာ ယနေ့အချိန်ထိလည်း မိသားစုဝင်များနဲ့ တွေ့ဆုံခွင့်ပင်မရရှိခဲ့ပါဘူး။

ယခုလို ခါးတီးမှုများစွာဖြင့် ဖြတ်သန်းနေရတဲ့ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခြင်းနဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတာ တစ်လကျော်ရှိနေပြီဖြစ်ပါတယ်။

မွေးရာပါ အဆုတ်အားနည်းတဲ့ရောဂါအခံရှိပြီး သွေးတိုးရောဂါကို ခံစားတတ်တဲ့ ဆရာတော်ဟာ ဘန်ကောက်တွင် ကျန်းမာရေးစစ်ဆေးဖို့ အသွား ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ဆရာတော်ရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်မသိရှိရကာ ယနေ့ရုံးထုတ်စဉ် တကိုယ်တော် လျှောက်လှမ်းလာတာကို တွေ့ရှိရပေမယ့် မိသားစုဝင်များက ဆရာတော်ရဲ့ ကျန်းမာရေးကို စိုးရိမ်နေရဆဲဖြစ်ပါတယ်။

သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန် က ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) ရဲ့ ဥက္ကဌဟောင်းဖြစ်ပြီး လက်ရှိတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသလို ကချင်လူထုကြား လူသိများထင်ရှားပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစဉ်အမြဲအားထုတ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Leave a Reply

*