ဝဝမ်ကျေးရွာအပြင်လမ်မကြီးတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြန်မာအကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၄၃၇), (၃၀၁) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း ၁၅ တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွင် ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကာ အနီးဝန်းကျင်ရှိ ဒေသခံများအားလုံး စိုးရိမ်ဖွယ်ဖြစ်ပွားလာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါတယ်။
ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သူကတော့ မိုးမောက်မှ ရှမ်းလူမျိုးတစ်ဦးဖြစ်ကာ တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် လုံခြုံနိုင်တဲ့နေရာဘက် တိမ်းရှောင်နေစဉ် အကြမ်းဖက် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စထိမှန်ခဲ့ရတာဖြစ်ပြီး လက်တလောတွင် ဗန်မော်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေကာ ဒေသခံများက မိုးမောက်မြို့ဘက် တိမ်းရှောင်နေခဲ့ကြပြီ။
ထို့အပြင် အဆိုပါနေ့တွင် အူလန်းပါဒေသ ဒုန်ခွန်ခက်ဘက် စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၂၇) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါသေးတယ်။
လွယ်ဂျောင်ကျေးရွာမှ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၂၃) က အင်အား (၁၀၀) ဝန်းကျင်ဖြင့် မြေတူးစက် ဘူဒူဇာတစ်စီးအသုံးပြုကာ ထိုးစစ်ဆင်လာစဉ် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းအဖွဲ့က ယခင်လတုန်းကလည်း တပ်မဟာ (၃) တပ်ရင်း (၂၇) နယ်မြေဖြစ်တဲ့ အူလန်းပါ၊ နမ့်မတ်ဇွပ်၊ ကထန်ကောင်နဲ့ ကိုင်ထိပ်ကြား ဇော်ဘုံအူရားဘွမ်ကျေးရွာ စတဲ့နေရာများတွင် ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေကြား လေးကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။