ဒုတိယအကြိမ် အသွားအလာကန့်သတ်မှုတွေပြုလုပ်ခြင်းကြောင့် အခက်တွေ့

မြစ်ကြီးနားမြို့အတွင်းရှိ စစ်ဘေးရှောင်စခန်းများကို ဒုတိယအကြိမ်မြောက်အဖြစ် အသွားအလာကန့်သတ်မှုတွေ ပြုလုပ်လာတာကြောင့် အပြင်ထွက်အလုပ်လုပ်ကိုင်ဖို့ မဖြစ်နိုင်ကာ စားသောက်ရေးအတွက် ဒုက္ခရောက်နေကြရပါတယ်။

ကိုဗစ်-၁၉ အချိန်ကာလတွင် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများရဲ့ အကူအညီတွေလျော့နည်းလာကာ စားဝတ်နေရေးအတွက် ဘေးကျပ်နံကျပ်ဖြစ်ပွားလာခဲ့ရပါတယ်။

လက်ရှိအချိန် ရာသီဥတုမညီမျှခြင်းကြောင့် စစ်ဘေးရှောင်စခန်းအတွင်း ဖျားနာမှုတွေ ဖြစ်ပွားပေမယ့် ဆေးဝါးကူညီမှုတွေလည်း လျော့နည်းလာခြင်းကြောင့် ဆေးဝါးမလောက်ငှမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဇီးအုံစစ်ဘေးရှောင်စခန်းဒုတိယတာဝန်ခံ ဆရာမဆွမ်လွတ်လုဆန် ကပြောပါတယ်။

“ယခုအချိန်က အကူအညီပေးတာတွေမရှိတော့ အခက်အခဲတွေကများစွာ ဖြစ်ပေါ်လာတယ် ဒီဒေသမှာ အပူချိန်ကလည်း မြင့်လိုက် မိုးရွာလိုက်ဆိုတော့ ဖျားနာမှုတွေကလည်း ပိုမိုများပြားလာပါတယ်” လို့ပြောပါတယ်။

ယခင်အချိန်များတွင် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အပြင်အလုပ်များကို လုပ်ကိုင်နိုင်တာကြောင့် အပိုဝင်ငွေရရှိကာ အိမ်ထောင်အတွက် အထောက်အကူဖြစ်စေခဲ့ပေမယ့် လက်ရှိအသွားအလာကန့်သတ်မှုတွေရှိနေတာကြောင့် အလုပ်လုပ်ကိုင်ဖို့မဖြစ်နိုင်ခြင်းက မိသားစုအခက်အခဲကို ပိုမိုဖြစ်ပွားစေပါတယ်။

မြစ်ကြီးနားမြို့ရှိ ဇီအုံစစ်ဘေးရှောင်စခန်း၊ ပန့်မတီး၊ ဂျော်မဆတ်နဲ့အခြားသော စစ်ဘေးရှောင်စခန်းအချို့ကို ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုတွေရှိလာတာကြောင့် ဒုတိယအကြိမ်အဖြစ် အသွားအလာကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။

Leave a Reply

*