ဒိုင်ဖာကျေးရွာအနီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို ကေအိုင်အေ မိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ခွဲ ဒိုင်ဖာကျေးရွာအနီး လီဒိုလမ်းမအထွက် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားလာစဉ် စက်တင်ဘာ ၁၀ ရက် ယနေ့ညနေပိုင်း ၃နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၄၅ အဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒိုင်ဖာကျေးရွာတဝိုက် လှည့်ပတ်သွားလာနေပြီး တရုန်ချောင်းတံတားအနီး လီဒိုလမ်းမဘက်အထွက်လမ်းဆုံတွင် ကေအိုင်အေ တပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီအုပ်စုက အနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်ဖြင့် ရမ်းသမ်ပစ်ခတ်မှုတွေ ထပ်မံလုပ်ဆောင်နေခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

“ညနေပိုင်း ၃ နာရီလောက်က လီဒိုလမ်းဆုံ ဒိုင်ဖာဘက်ကနေ လာပြီး တရုန်တံတားမရောက်ခင် ဒိုင်ဖာကနေ လီဒိုလမ်းဘက်အထွက်လမ်းဆုံမှာ ကေအိုင်အေ တပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်လိုက်တာ၊ အဲ့ချိန် သူတို့က လက်နက်ကြီး ငယ်နဲ့ ရမ်းပစ်နေတယ်လို့ကြားတယ်” လို့ သူကပြောပါတယ်။

ယခုလို အာဏာသိမ်းစစ်ကောင်စီအဖွဲ့ရဲ့ လက်နက် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ကာ ထိုစစ်ကြောင်းက တရုန်ကျေးရွာတွင် တပ်စွဲနေရာယူနေကြောင်းလည်း သိရပါတယ်။

စက်တင်ဘာ ၈ ရက်နေ့တုန်းကလည်း ယနေ့ မိုင်းဆွဲခံရတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ လဂျားဘွမ်ကျေးရွာအနီး စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လာတာကြောင့် ကေအိုင်အေ တပ်ဖွဲ့များက ဘရန်ရန်ချောင်းအနီးတွင် တစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။

ထိုစစ်ကြောင်းအုပ်စုက တနိုင်းမြို့ တကစတပ်စခန်းမှ စက်တင်ဘာ ၇ ရက်နေ့တွင် စစ်ရေးလှုပ်ရှားလာတဲ့အဖွဲ့ဖြစ်ပါတယ်။

Leave a Reply

*