စစ်ဘေးရှောင်နေရတဲ့ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာ ဒေသခံ အိမ်ထောင်စု (၁၀၀) ကျော်ရဲ့ နေအိမ်ဝင်းများကို မြေမြုပ်မိုင်းရှိမရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဒေသခံများကပြောဆိုကြပါတယ်။

ဝိုင်းမော်အုပ်ချုပ်ရေးမှူးများ၊ မြေစာရင်းဌာန၊ မပခ တပ်တွေက မိုင်းရှာဖွေရှင်းလင်းရေးများ၊ မြေယာသတ်မှတ်ပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ကြပါတယ်။
ယခုအချိန်တွင် မိုင်းရှင်းလင်းရေးများလုပ်ဆောင်ပြီးပါက ဒီဇင်ဘာ လကုန်ပိုင်းကစတင်ပြီး မိမိနေအိမ်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများကို လုပ်ဆောင်သွားဖို့ရှိနေကာ ဒေသခံများကလည်း မိမိခြံဝင်းများကို ရှင်းလင်းရေးတွေကို လုပ်ဆောင်သွားနိုင်တော့မှာဖြစ်ပါတယ်။
“နေအိမ်ရှင်းလင်းရေးတွေတော့လုပ်လို့ရနေပြီ လူကတော့ နေလို့မရသေးဘူး၊ အခုကနေအိမ်ပတ်လည်ခြုံပုတ်တွေရှင်းလင်းတာတွေပဲ လုပ်လို့ရသေးတဲ့သဘောပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မြေမြုပ်မိုင်းရှင်းလင်းခြင်းကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး နေအိမ်တည်ဆောက်ပြီးစီးပါက မတ်လကစတင်ပြီး အိမ်ထောင်စု (၂၁၆) စုခန့်သွားရောက်နေထိုင်ဖို့ စာရင်းပေးထားကြပါတယ်။
ဒီဇင်ဘာ (၅) ရက်နေ့မှာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ဥက္ကဌ ၊ အတွင်းရေးမှူးနဲ့ ကချင်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) ဝင်များ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနဲ့ မိုင်းရှင်းလင်းရေးအဖွဲ့များအပြင် ဒဘတ်ဒေသခံများ သွားရောက်ပြီး အိမ်ထောင်စု (၁၃၅) စုရဲ့ နေအိမ်ဝင်း ခြုံပုတ်ရှင်းလင်းရေးတွေကို သွားရောက်လုပ်ဆောင်ခဲ့ကြပါတယ်။