ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး

တနိုင်းမြို့နယ် ဟူးကောင်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း ၁၄ နယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား ယနေ့မနက် ၇ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြားခဲ့ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၈၆)၊ ခမရ (၃၁၈)၊ ခလရ (၇၄) ပူးပေါင်းထားတဲ့အဖွဲ့က စံလွန်ကျေးရွာကနေ စစ်အင်အားတိုးချဲ့ရင်း စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေဘက်မှ ခုခံတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။

ဒိန်ခွန် (၂) ကုန်းတဝိုက်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် ခမရ (၃၁၈) ကလည်း မနက်ပိုင်း ၇ နာရီ ၁၀ မိနစ်ခန့်တွင် ဒိန်ဂိုင်မှော်ဘက် လက်နက်ကြီး လက်နက်ငယ်ဖြင့် ၁၀ ချက်ထက်မနည်း ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ဩဂုတ်လ ၂၃ ရက်နေ့မှာလည်း အာဏာသိမ်းစစ်တပ်က ဝှေဂျင်ချောင်းအနီးနဲ့ နမ့်ဗျူချောင်းတဝိုက် စစ်ရေးလှုပ်ရှားလာတာကြောင့် ကေအိုင်အေဘက်မှ ကြားဖြတ်ခုခံတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ကေအိုင်အေ တပ်ရင်း (၁၄) နယ်မြေဘက် စစ်ရေးလှုပ်ရှားပြီး ထိုးစစ်ဆင်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေကာ စစ်လက်နက်ခဲယမ်းများ၊ စစ်အင်အားများ၊ ရိက္ခာဖြည့်တင်းခြင်းများ ပြုလုပ်နေပြီး ဖြတ်သန်သွားလာနေတဲ့ပြည်သူများကိုလည်း ခြိမ်းခြောက်စစ်ဆေးခြင်းတွေကို အမြဲလုပ်ဆောင်နေကာ ပြည်သူများရဲ့ စားသောက်ကုန်များ၊ ငွေကြေးများနဲ့ အခြားသောပစ္စည်းများကို အဓ္ဓမသိမ်းယူလိုက်ခြင်းတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Leave a Reply

*