ကသာမြို့နယ် မိုးတားကြီးကျေးရွာအထက်ဘက် နမ့်စမ်းကျေးရွာအနီး ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များကို ယနေ့ ဇူလိုင် ၃ ရက်နေ့ မနက် ၄ နာရီကနေ ၁၁ နာရီအထိ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) လက်အောက်တပ်နဲ့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်မှုလုပ်ဆောင်ပြီး ၆ နာရီအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများပြားကြောင်း သိရပါတယ်။

ထိုသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်များက လူနေအိမ်ရှိရာ ကျေးရွာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုလုပ်ဆောင်ခြင်းကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး ဒေသခံများကလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ရဲ့ထုတ်ပြန်ချက်အရ ဒေသခံပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် တောတွင်းစစ်ဆင်ရေးသာ ပြုလုပ်နေပေမယ့် အာဏာသိမ်းစစ်တပ် အကြမ်းဖက်အုပ်စုက ကျေးရွာများဘက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေသလို ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် အသုံးပြုကာ အများနှင့်သက်ဆိုင်တဲ့နေရာများတွင် တပ်စွဲနေထိုင်နေကြောင်း ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ ၉ နာရီခွဲခန့်တွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လွယ်မောက်နဲ့ တုံဟုံးကျေးရွာကြား စစ်ရေးလှုပ်ရှားလာတဲ့ စစ်အင်အား (၁၀၀) ကျော်ပါဝင်တဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၁၉) အဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
ထို့ပြင် ယမန်နေ့က အာဏာသိမ်းစစ်ကောင်စီတပ် ခလရ (၅၈) တပ်ဖွဲ့က ကေအိုင်အေ တပ်ရင်း (၃) နယ်မြေ ဝါရှောင်ကျေးရွာအနောက်ဘက် မကျန်ဘွမ်အနီးဘက် ၁၀၅-မမ လက်နက်ကြီးဖြင့် ၃ ကြိမ်တိုင် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဇူလိုင် ၂ ရက် နေ့လည် ၁ နာရီခန့်တွင်လည်း ကချင်ပြည်နယ်ဘက် စစ်အင်အား၊ လက်နက်ခဲယမ်းများ တင်ဆောင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်တန်းကို ကောလင်းမြို့နယ် သစ်ဆိပ်ကုန်းတွင် ကေအိုင်အေတပ်နဲ့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်တို့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်မှုလုပ်ဆောင်ပြီး ၂ နာရီကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။