ထိခိုက်သေဆုံးမှုများလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံများကို ရွာမီးရှို့မယ်လို့ ခြိမ်းခြောက်လာ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာနဲ့ ဆွန်လုံရွာကြား ယနေ့ စက်တင်ဘာ ၈ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၉) တို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၇၇)နဲ့ တပ်မ (၉၉) တို့က အင်အား ၂၀၀ ဝန်းကျင်ဖြင့် နမ့်ဖတ်ကာဘက်ကနေ ကေအိုင်အေတပ်ရင်း (၉) နယ်မြေဘက် ယမန်နေ့ကတည်းက ထိုးစစ်ဆင်လာခဲ့တာကြောင့် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ခဲ့ကာ နှစ်ဖက် မိနစ် ၃၀ ကြာမျှ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်က သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုတွေ များပြားခဲ့တာကြောင့် ဆွန်လုံကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့များကို ခေါ်ယူကာ ကျေးရွာအတွင်း ကေအိုင်အေတပ်သားများ ရှိနေတာကြောင့် “ကျေးရွာကို မီးရှို့ဖျက်ဆီးလိုက်မယ်” လို့ ခြိမ်းခြောက်ပြောဆိုခဲ့မှုရှိခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာဘက် အကြမ်းဖက် စစ်ကောင်စီရဲ့ နမ့်ဖတ်ကာတပ်စခန်းကနေ လက်နက်ကြီး ပစ်ကူပေးတာတွေလည်း ရှိခဲ့သလို ယမန်နေ့မှာလည်း လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

လက်ရှိတွင် ကေအိုင်အေတပ်ရင်း (၉) နယ်မြေအတွင်း စက်တင်ဘာလကစတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားလာပြီး ဒေသခံထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိနေပါတယ်။

Leave a Reply

*