တနိုင်း-လီဒိုလမ်းတဝိုက်တွင် နေထိုင်ကြတဲ့ မိဘပြည်သူများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တောတွင်းသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ ပြောဆိုသတိပေးထားကြောင်း သိရပါတယ်။

ယခင်လကစတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ယာဉ်တန်းနဲ့ ရိက္ခာသယ်ဆောင်ခြင်း၊ စစ်အင်အားတိုးချဲ့ခြင်းများနဲ့အတူ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူများ ထိခိုက်ခြင်းမရှိစေဖို့ ယခုလို သတိပေးထားခြင်းဖြစ်ကြောင်း သိရပါတယ်။
ယခုလို သတိပေးပြောဆိုလာခြင်းကြောင့် ဒေသခံများက သီးနှံရိတ်သိမ်းခြင်းဖြစ်တာနဲ့အညီ တောင်ယာ၊ လယ်ယာသွားလာမှုတွေ မကြာခဏပြုလုပ်ရတာကြောင့် အခက်အခဲကြုံတွေ့ရမှာကိုတော့ စိုးရိမ်နေကြရပါတယ်။
“အခုက ကောက်ပဲသီးနှံရိတ်သိမ်းချိန်ဖြစ် စပါးရိတ်သိမ်းဖို့လည်း လိုအပ်နေ၊ တောဘက်ဝင်ရောက်ခြင်းမပြုလုပ်ဖို့ ပြောဆိုလာတော့ စိုးရိမ်လာရတာပေါ့၊ တာဝန်ရှိသူတွေကို အဲ့ဒီအကြောင်းပြောတော့ နေ့ခင်းက သိပ်မလိုအပ်ပေမယ့် ညပိုင်းတော့ လုံးဝသွားလာခြင်းမပြုလုပ်ကြဖို့ ပြောဆိုလာတယ်၊ ကျတော်တို့လည်း အတတ်နိုင်ဆုံး လိုက်နာသွားရမှာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လီဒိုလမ်းပိုင်း တဝိုက်ရှိ ကျေးရွာအနီးဝန်းကျင် နေရာအချို့တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေ အမြဲလိုလိုရှိနေတဲ့အပြင် စစ်ကောင်စီက ကျေးရွာဘက် လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ်မှုတွေကလည်း ပြုလုပ်လေ့ ရှိတာကြောင့် ကျေးရွာလူကြီးများနဲ့ မိဘပြည်သူများက ကျေးရွာဘက် လက်နက်ကြီး ပစ်ခတ်မှုတွေ မပြုလုပ်ပေးဖို့နဲ့ တိုက်ပွဲမဖော်ဆောင်ဖို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့များကို သွားရောက်ပြောဆိုထားမှု ရှိခဲ့ကြောင်းလည်း သိရပါတယ်။