တရုတ်-မြန်မာနယ်စပ်တွင်ရှိတဲ့ ဂျဲယာန်စစ်ဘေးရှောင်စခန်း ရပ်ကွက် ၁ တွင် ဩဂုတ်လ ၂၃ ရက်နေ့ မနက် ၁ နာရီခွဲတွင် မိုးသည်းထန်စွာရွာသွန်းလာခြင်းကြောင့် တောင်ကျရေအလွန်များပြားပြီး မြေပြိုမှုတွေရှိခဲ့တာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့ည မိုးသည်းထန်လွန်းပြီး မြေပြိုမှုအထိရှိခဲ့ကာ တောင်ကျရေများတွင်လည်း ရွံ့နွံ့များပါဝင်လာခဲ့ပြီး ဦးလဘန်ရစ်နူးရဲ့ နေအိမ်ပျက်စီးသွားခဲ့သလို အနီးရှိနေအိမ်အချို့လည်း ထိခိုက်သွားခဲ့ပါတယ်။
တောင်ကျရေကြောင့် နေအိမ်ပျက်စီးခြင်းခံလိုက်ရတဲ့ အိမ်ထောင်စုအနေဖြင့် လက်ရှိမှာတော့ စစ်ဘေးရှောင်စခန်းကော်မတီရုံးတွင် ခတ္တခဏနေအိမ်နေကာ မြေပြိုမှုကြောင့် ပိတ်စို့သွားတဲ့ လမ်းများကိုလည်း ရှင်းလင်းမှုတွေ လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။
ယခုလို ရေကြီး မြေပြိုပြီး စစ်ဘေးရှောင်ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရမှုဖြစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့တွင် မဂါးယန်စစ်ဘေးရှောင်စခန်းတွင်ဖြစ်ပွားခဲ့မှု ရှိခဲ့သလို ဂျဲယာန်စစ်ဘေးရှောင်စခန်းအပြင် အခြားသော ဖွန်လွန်ယန် စစ်ရှောင်စခန်း ၊ ဒွန်ဘုံ စစ်ရှောင်စခန်း ၊ ဆွတ်မူအောင် စစ်ရှောင်စခန်း ၊ နဲ့ မုန်းဆိုင်ယန်ကျေးရွာများကလည်း မိုးသည်းထန်လာလျှင် စိုးရိမ်ရတဲ့နေရာများအဖြစ် ရှိနေပါတယ်။