တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း

ရှမ်းပြည်မြောက်ပိုင်း မုံကူးဒေသ နမ့်ခေါင်ကျေးရွာအနီးတွင် စက်တင်ဘာ ၂၅ ရက်နေ့က ကေအိုင်အေတပ်မ (၆) လက်အောက်ရှိ တပ်ရင်း (၃၆) နဲ့ အစိုးရတပ် တပ်မ (၈၈)လက်အောက်ခံတပ်များနဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အေတပ်စွဲထားရာ နေရာဘက်ကို အစိုးရတပ်များ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

“မနေ့ကရော ဒီနေ့ရောတိုက်ပွဲဖြစ်နေပါတယ်၊ အခုလက်ရှိ နမ့်ခေါင်ကျေးရွာ အထက်ဘက်ရှိ နမ့်ခေါင်တောင်မှာ ဖြစ်နေကြတာ၊ အစိုးရတပ်က ကျတော်တို့နေရာဘက်ကို ထိုးစစ်လာလုပ်တာကိုး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်တွင် ကေအိုင်အေတပ်စွဲထားရာ နေရာဘက်ကို မြန်မာတပ်များက အလုံးအရင်းလိုက် အင်အားဖြည့်တင်းမှုတွေပြုလုပ်မှုနေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားဖို့ ရှိနေပါသေးတယ်လို့ သူကပြောပါတယ်။

“မနေ့ညကလည်း တက်လာပေမယ့် တပ်ပြန်ဆုပ်သွားတယ်၊ အခုလည်း ပြန်တက်သွားပြန်ပြီ သေနတ်သံတွေကတော့ မြည်နေတုန်းပဲ” လို့ပြောပါတယ်။

ယခုဖြစ်ပွားနေတဲ့ နှစ်ဖက်တပ်တွေက စက်တင်ဘာ ၂၄ ရက်နေ့တုန်းကလည်း ဟူဝါတောင်ဘက်ခြမ်းတွင်လည်း ထိပ်တိုက်တွေ့ဆုံမှုရှိခဲ့တာပါ။

မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့လို့ သတ်မှတ်ထားတဲ့အဖွဲ့တွေ တည်ရှိရာနေရာဒေသက လွဲပြီး အခြားသော ဒေသများကို စက်တင်ဘာလကုန်အထိ တစ်ဖက်သပ်အပစ်အခတ်ရပ်စဲမှာဖြစ်တယ်လို့ ကြေညာထားပေမယ့် ရှမ်းပြည်မြောက်ပိုင်းဒေသအချို့မှာတော့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။

Leave a Reply

*