သျှမ်းပြည်မြောက်ပိုင်း ဂါလျာန်ဒေသ နာ့ခါရမ်ကျေးရွာနဲ့ အနီးတဝိုက်နေရာများတွင် အစိုးရတပ်များ လှုပ်ရှားသွားလာမှုတွေ ရှိနေတာကြောင့် တောင်ယာ လယ်ယာလုပ်ဆောင်ဖို့ ခက်ခဲနေကြောင်း ဒေသခံများဆီမှ သိရပါတယ်။ နာ့ခါရမ်ဒေသခံများက ဂါလျာန်ဒေသရှိ ဇွပ်အောင် စစ်ဘေးရှောင်စခန်းမှာ လက်ရှိအချိန်ထိ ထွက်ပြေးတိန်းရှောင်နေရပေမယ့် စားဝတ်နေရေးအတွက် မိမိဒေသများတွင်သာ လုပ်ကိုင်ခြင်းဖြစ်ကာ အစိုးရတပ်အနေဖြင့် ကျေးရွာတွင် အခြေချနေထိုင်နေခြင်းကြောင့် ကျေးရွာတွင်းနေထိုင်သော်လည်း ပေါ်တာခေါ်ဆောင်ခြင်းများ မကြာခဏခံရခြင်းများရှိသလို လုပ်ဆောင်လျက်ရှိသေးတဲ့တောင်ယာများဘက်ကိုလည်း မသွားရဲခြင်းများဖြစ်ပေါ်နေပြီး ဝမ်းရေးခက်ခဲမှုတွေ ဖြစ်ပွားနေရပါတယ်။ “စစ်ဘေးရှောင်စခန်းနဲ့ သူတို့ရွာကို သွားသွားလာလာလုပ်နေကြတာပါ။ တချို့က သူတို့ရဲ့ တောင်ယာ လယ်ယာများလုပ်ဆောင်ဆောင်ဖို့ ရွာထဲမှာ ကျန်နေခဲ့ချိန် သူတို့ရွာမှာ စစ်သားများက တစ်အိမ်တက်ဆင်ပြီး ပစ္စည်းတွေယူ စားသောက်ကြပြီး အမျိုးသားများတွေရင်တော့ ပေါ်တာအဖြစ်ခေါ်ဆောင်သွားပြီး ပြန်လွတ်ပေး။ တစ်ရွာရောက်ရင် နောက်တစ်ယောက်ပြန်လဲတာတွေ လုပ်နေတော့ ဒါတွေကို ကြောက်ရတာကြောင့် ပြန်တိမ်းရှောင်နေရတာပါ” လို့ ကိုယ်တွေ့ခံစားခဲ့ရတဲ့ သူတစ်ဦးကပြောပါတယ်။ ဂါလျာန်ဒေသတွင်းမှာ လွန်ခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့တုန်းကတည်းက ကေအိုင်အေတပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေကာ ၂ ရက် ၃ ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် မြန်မာအစိုးရတပ်က တပ်ရင်း (၈) နေရာဘက် စစ်အင်အားတိုးချဲ့မှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။