တိတ်ဆိတ်ခြင်းဖြင့် အကျယ်လောင်ဆုံး ဟစ်ကြွေးသံကို တနိုင်ငံလုံးပြုလုပ်နိုင်ခဲ့

ယနေ့ မတ်လ ၂၄ ရက်တွင် အာဏာရှင်စနစ်ကို အလိုမရှိသော ပြည်သူလူထုတစ်ရပ်လုံးက ညီညွတ်စွာဖြင့် အိမ်ပြင်မထွက်၊ ဆိုင်မဖွင့်၊ လမ်မပေါ် လူမရှိ ကားမရှိစတဲ့ တိတ်ဆိတ်ခြင်းအားဖြင့် အာဏာသိမ်းစစ်တပ်ကို ကန့်ကွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတဝှမ်း တောရော မြို့ပါမကျန် တိတ်ဆိတ်ငြိမ်သက်သွားခြင်းဖြင့် သပိတ်မှောက်ခြင်းက သမိုင်းတွင်စေသလို ၂၂၂၂၂ နွေဦးတော်လှန်ရေးတွင်လည်း ပြည်သူလူထုတစ်ရပ်လုံး လမ်းမပေါ်ထွက်ပြီး စစ်အာဏာသိမ်းအုပ်စုကို သပိတ်မှောက်ခဲ့ကြခြင်းတွေက ကမ္ဘာမီဒီယာများကပင် အထူးပင်ဖော်ပြခဲ့ကြပြီး မြန်မာနိုင်ငံသားများရဲ့ ဒီမိုကရေစီလိုလားမှုကို အထင်းသားမြင်သာစေခဲ့တာပါ။

“ဆိုင်ဖွင့်ဖို့လုပ်နေသူအချို့ကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲများက လုံခြုံရေးယူပေးမယ်ဆိုပြီးလာပြောတော့ ဈေးရောင်းဖို့ပြင်နေသူတွေ ထိပ်လန့်ပြီး ဆိုင်ပိတ်လိုက်ကြတယ်၊ မတ် ၂၅ နဲ့ ၂၆ ကတော့ ပုံမှန်အတိုင်းပြန်ဖွင့်ကြမှာပါ၊ မတ် ၂၇ ကတော့ တပ်မတော်နေ့ဆိုတော့ ဆိုင်တွေအားလုံးပြန်ပိတ်ပြီး အသံတိတ်သပိတ်ပြန်လုပ်မလားတော့ မသိသေးဘူး” လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မတ်လ ၂၂ ရက်နေ့တုန်းက မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်းနဲ့အခြားသောမြို့များတွင် ပြည်သူများဆန္ဒထုတ်ဖော်စဉ် ဆန္ဒပြခေါင်းဆောင်များနဲ့ ကေအိုင်အေတို့ ပူးပေါင်းပြီး လုပ်ကြံဖို့ ကြံစည်နေကြောင်း စစ်ကောင်စီဘက်က ဝါဒဖြန့်စာ လိုက်လံကပ်တာတွေလုပ်ဆောင်ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်တာကြောင့် ယနေ့အချိန်ထိ ကျဆုံးသွားသူ ၂၆၁ ဦးရှိခဲ့ကာ ဖမ်းဆီးခံထားရသူ ၃၀၀၀ နီးပါးရှိနေပေမယ့် ပြည်သူများရဲ့ အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်သပိတ်မှောက်မှုတွေကတော့ အားလျော့သွားခြင်းမရှိ ပုံစံမျိုးစုံဖြင့် ရှိနေပါတယ်။

Leave a Reply

*