တာမိုးညှဲမြို့အနီး ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ် ယမန်နေ့က တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တားမိုးညှဲမြို့ နမ့်ဆာရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁၀) တပ်ရင်း (၂) နဲ့ အာဏာသိမ်းစစ်တပ်ကြား မေလ ၂၇ ရက်နေ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်မှ ယမန်နေ့ မနက် ၁၁ နာရီတွင် တာမိုးညှဲမြို့မှ ထွက်လာပြီး စစ်ရေးလှုပ်ရှားလာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁၀) တပ်ရင်း (၂) တို့မှ နမ့်မော်ကုန်းအရောက် စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယမန်နေ့ ၈ နာရီအချိန်တွင်လည်း မန္တလေးဘက်မှ ကချင်ပြည်နယ်ဘက် သွားနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဆီဘောက်ဆာ ကား ၂ စီးကို ကေအိုင်အေ တပ်ရင်း (၁၂)အဖွဲ့မှ ရွှေကူမြို့နဲ့ ဇင်ဘုံကြားတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ရှထူးဇွပ်ကျေးရွာရှိ ယုဇနကုမ္ပဏီဝင်းမီးလောင်ပြီး ကျန်ရှိနေတဲ့ သံတိုသံစများကို လိုက်လံသိမ်းဆည်းယူခဲ့ကြတဲ့ ဒေသခံ (၉) ဦးကို အာဏာသိမ်းစစ်တပ် ခလရ (၂၉၇) တပ်များက ကားမိုင်းရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားရာမှ ယမန်နေ့မှာတော့ ဖားကန့်ရဲစခန်းဘက်ကို ပြောင်းရွေ့ထိန်းသိမ်းလိုက်ကြောင်း သိရပါတယ်။

လတ်တလောတွင် အာဏာသိမ်းစစ်တပ်ရဲ့ အဖွဲ့ဝင်များက ကချင်ပြည်နယ်တလွှား ပြည်သူများကို အပြစ်မရှိမပြစ်ရှာ လိုက်လံဖမ်းဆီးမှုတွေ စဉ်ဆက်မပျက်လုပ်ဆောင်နေသလို စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ပါဝင်သူများကိုလည်း လိုက်လံဖမ်းဆီးမှုတွေ တိုးချဲ့ပြုလုပ်နေကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ကြား တိုက်ပွဲဖြစ်ပွားမှုတွေကလည်း နေ့စဉ်နေ့တိုင်းရှိနေပြီး ကေအိုင်အေနယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုကိုလည်း စစ်ကောင်စီတပ်များက အမြဲလုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေအုံးမှာ ဖြစ်ကြောင်းခန့်မှန်းထားကြပါတယ်။

Leave a Reply

*