ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ရောဂါကြောင့် ကပ်ဆိုက်နေချိန် တရုတ်နိုင်ငံမှာတော့ ကပ်ရောဂါတစ်ဖွယ် ကူးစက်ပျံ့နှံ့နိုင်တဲ့ ဝက်တုပ်ကွေးဗိုင်းရပ်စ် သစ်တစ်မျိုးကိုသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထားတာကြောင့် တရုတ်နိုင်ငံနယ်စပ်တွင် နေထိုင်တဲ့ပြည်သူများနဲ့ ကေအိုင်အိုထိန်းချုပ်နယ်မြေရှိဒေသများ၊ လိုင်ဇာမြို့တွင်းရှိ ဒေသခံများနဲ့ စစ်ဘေးရှောင်သူများကလည်း ကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပါတယ်။ G4 EA H1N1 လို့အမည်ပေးထားတဲ့ ဒီဗိုင်းရပ်စ်သစ်ဟာ ဝက်တွေမှာ ဖြစ်ပွားနေတာဖြစ်ပြီး လူလူချင်းကူးစက်နိုင်ပေမယ့် လက်ရှိအချိန်ထိ သက်သေအထောက်အထားတွေ့ရှိရခြင်းတော့ မရှိသေးဘူးလို့ ထုတ်ပြန်ထားပေမယ့် ကပ်ရောဂါအသွင်တော့ ဖြစ်နိုင်တဲ့ အလားလာရှိနေတယ်လို့ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။

ဝက်တွေမှာ တွေ့ရှိရတဲ့ ပိုးသစ်ကြောင့် ဝက်မွေးမြူဖို့ ကြောက်ရွံ့နေကြသလိုမဟုတ်ပဲ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ပြီး ကိုယ့်ဒေသရှိ ဝက်များ ဖျားနာခြင်းမရှိရလေအောင် နည်းမှန်လမ်းမှန်ဖြင့် ရောဂါကူးစက်မှုမဖြစ်ပွားအောင် ပြင်ဆင်သွားရမှာဖြစ်တယ်လို့ ကေအိုင်အို မွေးမြူရေးဌာနက ပညာပေးထားပါတယ်။ “ဝက်ကို အပြင်မှာ လွတ်ထားခြင်းမဟုတ်ပဲ ခြံခတ်ပြီးမွေးမြူမယ်၊ ဝက်ခြံကိုလည်း သန့်ရှင်းအောင်အမြဲလုပ်ဆောင်မယ်၊ ဝက်အစာထဲမှာ ဝက်သားဆေးထားတဲ့အရည် မထည့်မိဖို့အရေးကြီးတယ်၊ သူများဆီက စားကြွင်းစားကျန်များ လိုက်လံကောက်ယူခြင်းမပြုလုပ်ပဲ သန့်ရှင်းတဲ့အစာနဲ့ ရေကိုအသုံးပြုရမယ်၊ ဝက်တွေရဲ့ ကျန်းမာရေးအခြေအနေကို အမြဲစောင့်ကြည့်ရမယ်၊ ဖျားနာပြီးသေဆုံးသွားတဲ့ဝက်ကို စားသောက်ခြင်းမပြုလုပ်ရဘူး၊ ကာကွယ်ဆေးထိုးနှံပေးထားရမယ်၊ ဝက်ဖျားနာပြီး သေဆုံးသွားရင် သူနေတဲ့ ဝက်ခြံကို ပိုးသတ်ဆေးဖြန်းခြင်းများလုပ်ဆောင်ပြီးမှ ဝက်ပြန်ထည့်ရမယ်၊ ဆိုတော့ ဝက်တွေကို အချိန်ယူပြီး စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်ရင်တော့ ဖြစ်လာဖွယ်သိပ်မရှိပါဘူး” လို့ စိုက်ပျိုးမွေးမြူရေးတာဝန်ခံ ဆရာကရိန်ဘရန်ဆိုင်းက ပညာပေးထားပါတယ်။
လက်ရှိအချိန်တွင် လိုင်ဇာ နယ်စပ်တဝိုက်ဖြစ်ပွားနေတဲ့ ဝက်ရောဂါက ဝမ်းလျောတဲ့ ကိုလိုရာရောဂါဖြစ်ကာ တရုတ်နိုင်ငံတွင်ဖြစ်ပွားနေတဲ့ ဝက်ရောဂါက လူလူချင်းကူးစက်စေတဲ့ အထောက်အထားမတွေ့ရှိသေးတာကြောင့် တိရိစ္ဆာန်မွေးမြူရေးလုပ်ဆောင်သူများအနေဖြင့် နည်းမှန်လမ်းမှန်ဖြင့် အမြဲတမ်းစောင့်ကြည့်ပြီး မွေးမြူပါက ရောဂါဖြစ်ပွားခြင်းက လွတ်ကင်းနိုင်မှာ ဖြစ်ပါတယ်။