မိုင်ဂျာယန်မြို့အနီး ဆွတ်ငိုင်ဇွပ်ကျေးရွာတွင် ကြံစိုက်ပျိုးရေးလုပ်ဆောင်နေကြတဲ့ ဒေသခံပြည်သူများက တရုတ်နိုင်ငံဘက် ပို့ဆောင်ထားတဲ့ ကြံများအတွက် ငွေးကြေးရရှိခြင်းမရှိ ကြန့်ကြာနေတာကြောင့် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြရပါတယ်။

ဆွတ်ငိုင်ဇွပ်ကျေးရွာတွင် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလုပ်ဆောင်ဖို့ အခက်တွေ့နေရကာ ယခင်နှစ် တရုတ်နိုင်ငံဘက် တင်ပို့ရောင်းချထားတဲ့ ငွေကြေးကိုလည်း အပြည်အဝမရရှိ ဖြစ်နေပြီး ကြံဈေးနှုန်းထိုးကျနေမှုကလည်း ပိုမိုအခက်ကြုံစေတယ်လို့ ကြံစိုက်ပျိုးသူများက ပြောကြပါတယ်။
တင်ပို့ရောင်းချထားတဲ့ ကြံများအတွက် ရသင့်ငွေများ ပြန်လည်ရရှိရေး ဇူလိုင် ၁၆ ရက်နေ့ အရှေ့ပိုင်းတိုင်းဌာနချုပ်မှ တာဝန်ယူပြီး ဆွေးနွေးဖြေရှင်းပေးဖို့ ပြောဆိုထားပေမယ့် တရုတ်အစိုးရက ညှိနှိုင်းပေးခြင်းမရှိ ခွင့်မပြုတာကြောင့် ရသင့်ငွေမရရှိ၊ ဈေးနှုန်းထိုးကျမှုများကြောင့် ဒေသခံများက ကြံကိုဆက်လက်စိုက်ပျိုးဖို့ မဖြစ်နိုင်တာကြောင့် အခြားသော သီးနှံစိုက်ပျိုးခြင်းများကိုသာ လုပ်ဆောင်သွားကြဖို့ စီစဉ်ဆောင်ရွက်နေကြရပါတယ်။
ထိုကျေးရွာတွင် အိမ်ထောင်စု ၃၀၀ ကျော်ရှိတာဖြစ်ပြီး ဒေသခံအများစုကတော့ ကြံစိုက်ခင်းကို အဓိကထားလုပ်ဆောင်ကာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတာကြောင့် ကုန်သွယ်စီးပွားရေးလုပ်ဆောင်ဖို့ ယခင်ကအဆင်ပြေပေမယ့် ယခုအချိန်ကတော့ အဆင်မပြေမှုတွေနဲ့သာ ကြုံတွေ့နေကြရပါတယ်။