ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၉) တည်ရှိရာ ကွတ်ခိုင်မြို့နယ် နမ့်တီဘွမ်တွင် စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းတွင် ကေအိုင်အေတပ်နဲ့ အစိုးရတပ် တပ်မ (၉၉) တို့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကေအိုင်အေတပ်စွဲထားတဲ့ နမ့်တီဘွမ်နေရာဘက်ကို တပ်မ (၉၉) တို့ တပ်အင်အား ၅၀ ဝန်းကျင်ဖြင့် ရောက်ရှိလာတာကြောင့် ကေအိုင်အေတပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြခြင်းဖြစ်ကာ လတ်တလော နှစ်ဖက်တပ်ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခြင်းကြောင့် တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတာဖြစ်တာဖြစ်ပြီး ယခုအခါ တိုက်ပွဲအနည်းငယ်ပြင်းထန်ခဲ့ပါတယ်။
“အခုအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေတာပါ၊ မနက် ၉ နာရီကတည်းကလေ၊ နှစ်ဖက်စလုံးက နောက်ဆုတ်ကြမယ်မထင်ဘူး၊ ထိုးစစ်တွေပြုလုပ်နေကြတာ တစ်ဖက်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်နေကြတာပေါ့ ကျတော်တို့လည်း စောင့်ကြည့်နေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာများကို မြန်မာစစ်တပ်အနေဖြင့် တပ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေပြီး စက်တင်ဘာ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို စစ်ကား ၅ စီး ထပ်ရောက်ရှိလာတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားအုံးမှာ ဖြစ်တယ်လို့ ဒေသခံများက ခန့်မှန်းထားကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်းဒေသတစ်ဝိုက်တွင် စက်တင်ဘာ ၂ ရက်နေ့က စတင်ပြီး ကေအိုင်အေတပ်နဲ့အစိုးရတပ်ကြား တိုက်ပွဲတွေ နေ့စဉ်နေ့တိုင်းဖြစ်ပွားနေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာဖို့ ရှိနေပါတယ်။