တနိုင်း-လီဒိုလမ်းပေါ်ရှိ ဒွန်ဘန်ကျေးရွာနဲ့ ခွမ်စိုင်ယန်ကျေးရွာကြားတွင် ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ရှိ တပ်ရင်း (၂၀)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ယနေ့မတ်လ ၃၀ မနက် ၁၀ နာရီခွဲအချိန်ခန့်ကနေ ၁၁ နာရီခွဲအချိန်ထိ တစ်နာရီကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ထိုဒေသက ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ရှိ တပ်ရင်း (၂၀)နယ်မြေဖြစ်ကာ အာဏာသိမ်းစစ်တပ် ခလရ (၈၆) အဖွဲ့က ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာတာကြောင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်တယ်လို့ ရှေ့တန်းရောက်စစ်သည်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များက မတ်လ ၂၉ ရက်နေ့ ညနေပိုင်းကလည်း ကေအိုင်အေ တပ်မဟာ (၂) နယ်မြေ နှစ်နေရာကို ဂျက်တိုက်လေယဉ် ၂ စီးဖြင့် ပျံသန်းကာ မိုင်းပစ်ချခြင်းတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ထိုနေ့က ဂါးရာယန်ကျေးရွာမှာလည်း ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ အခုလို ကချင်ပြည်နယ်အတွင်း ကေအိုင်အေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်မှုတွေက နေ့စဉ်နဲ့အမျှဆိုသလို ဖြစ်ပွားလာကာ စစ်ကောင်စီတပ်များမှ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူများကို အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်မှုကြောင့် ပြည်သူများ ကျဆုံးသွားရတဲ့ မတ်လ ၁၁ နောက်ပိုင်း တိုက်ပွဲဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။
ယနေ့အချိန်ထိ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်မှုကြောင့် ကချင်ပြည်နယ်တွင် ပြည်သူ ၉ ဦးကျဆုံးသွားခဲ့ရပြီးဖြစ်ပါတယ်။