တနိုင်း-လီဒိုလမ်းတဝိုက်ရှိ ရွှေမော်များတွင် ရွှေတူးဖော်မှုလုပ်ဆောင်နေကြသူများကို ကေအိုင်အေမှ အောက်တိုဘာ ၁၀ ရက်နေ့ကစတင်ပြီး ရွှေတူးဖော်ခြင်းရပ်ဆိုင်းကာ မိမိနေရပ်ပြန်ကြဖို့ ပြောဆိုသတိပေး ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့နောက်ဆုံးထားပြီး မိမိနေရပ်ဒေသ ပြန်ကြဖို့ တိုက်တွန်းထားတာကြောင့် ရွှေမော်များတွင် နေထိုင်ကာ ရွှေတူးဖော်နေသူအချို့က နေရပ်ပြန်ကြပေမယ့် အများစုက နေရပ်မပြန်ကြကာ လီဒိုလမ်းတဝိုက်ရှိ ကျေးရွာများတွင် နေထိုင်နေကြသေးတာကြောင့် ဒေသခံများက မလိုလားကြပါဘူး။
“လယ်ယာတွေကလည်း ရွှေတူးဖော်လိုက်တာကြောင့် ကုန်သလောက်ရှိလာတော့ အခုလို ရွှေတူးဖော်တဲ့သူတွေကို မောင်းထုတ်လိုက်တာကောင်းပါတယ်၊ နောက်တစ်ခုက သူတို့က သူတို့နေရပ်မပြန်ဘဲ ကျတော်တို့ကျေးရွာတွေမှာ ပြန်လာနေတော့ လူပေါင်းစုံ စရိုက်ပေါင်းစုံဖြစ်လာတယ်၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေ များစွာဖြစ်လာရင် ခိုးဆိုးလုနှိုက်ပြဿနာကလည်း အများကြီးရှိလာမှာ ပြဿနာလည်းပေါင်းစုံဖြစ်လာမှာကိုတော့ စိုးရိမ်မိပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ထိုဒေသရှိ ရွှေမော်များတွင် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့စစ်များက အခွန်ကောက်ခံနေတဲ့ နေရာများဖြစ်ကြောင်း သိရပါတယ်။ ကေအိုင်အေအနေဖြင့် ယုဇနကုမ္ပဏီတွင် အလုပ်လုပ်ကိုင်သူများကိုလည်း အောက်တိုဘာ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး မိမိနေရပ်ပြန်ကြဖို့ ပြောဆိုထားကြောင်းလည်း သိရပါတယ်။
ယခင်လကတည်းက တနိုင်း-လီဒိုလမ်းပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီက စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများ ဖြည့်တည်းနေသလို စစ်ရေးလှုပ်ရှားမှုတွေလည်း မကြာခဏပြုလုပ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ကြား တိုက်ပွဲတွေ အမြဲဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။