တနိုင်းမှထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ယာဉ်ကို ကေအိုင်အေ မိုင်းဆွဲတိုက်ခိုက်

တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ခွဲ  စက်တင်ဘာ ၁၆ ယနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် စစ်အင်အားတိုးချဲ့ဖို့လာရောက်တဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၄၅ အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

တနိုင်းမြို့ တကစတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ကုန်ကားဖြင့် ထွက်ခွာလာစဉ် ကေအိုင်အေဘက်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့အပြီး လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများလည်း ကြားခဲ့ရကြောင်း သိရပါတယ်။

ရှင်ဗွေယန်မြို့နယ်ခွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအနီးစစ်ရေးလှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်ဆောင်လာခြင်းကြောင့် ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်မှုတွေ စက်တင်ဘာလအတွင်း ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့တွင်လည်း တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်ခွဲ တခက်နဲ့ တရုံကျေးရွာကြား စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

မန္တလေးကနေ ထွက်ခွာလာတဲ့ စစ်အင်အား ၂၀၀ ဝန်းကျင်ပါဝင်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ နှစ်ထပ်သင်္ဘောတစ်စီးကို စက်တင်ဘာ ၁၁ ရက်နေ့က ရွှေကူမြို့နယ် ပေါက်ကုန်းနဲ့ ကျောက်တစ်လုံးကြား ကေအိုင်အေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပစ်ခတ်မှုလုပ်ဆောင်ခဲ့စဉ် သင်္ဘောခေါင်မိုးပျက်စီးသွားတဲ့အထိ ဖြစ်ပွားခဲ့ကြောင်းလည်း မြေပြင်သတင်းအရသိရပါတယ်။

Leave a Reply

*