တနိုင်းဒေသဘက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၄၅) နယ်မြေဖြစ်တဲ့ တနိုင်းဒေသ၊ လဂျားဘွမ်နဲ့ တရုန်ကျေးရွာဘက် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အင်အား (၈၀) ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က တနိုင်ကနေ တရုန်ဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတာကြောင့် ကေအိုင်အေဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ကေအိုင်အေမှ မိုင်းဆွဲတိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး ဒဏ်ရာရရှိမှုတွေရှိခဲ့ကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် အနီးဝန်းကျင်ဘက် ရမ်းသမ်းပစ်ခတ်မှုတွေ စစ်ကောင်စီတပ်က လုပ်ဆောင်နေခဲ့ပါတယ်။

တနိုင်း – လီဒိုလမ်းတလျှောက် အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်နဲ့ မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာအနီးဝန်းကျင်ဘက် လက်နက်ကြီးငယ်ဖြင့် မဆင်မခြင် ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state) တွင်လည်း စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် ကေအိုင်ကေ၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေကာ ဒီဇင်ဘာ ၁၂ ရက်နေ့တွင်လည်း မန်ယန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

Leave a Reply

*