ကေအိုင်အို အုပ်ချုပ်နယ်မြေဖြစ်တဲ့ နမ့်ဆန့်ပါကျေးရွာတွင် ၂၀၂၀ ဒီဇင်ဘာလကစတင်ပြီး တစ်သျှူးငှက်ပျောစိုက်ပျိုးမှုအစား ငရုတ်သီးစိုက်ပျိုးခြင်းကို လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

ငရုတ်စိုက်ပျိုးခြံ ဧက ၂၀၀ ကျော်အထိ စိုက်ပျိုးထားနိုင်ပြီဖြစ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် သွားလာရအခက်အခဲနဲ့ကြုံတွေ့ရချိန် ပြည်သူများရဲ့ စားဝတ်နေရေးအဆင်ပြေ ထောက်ပံ့နိုင်ဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်၊
“အလုပ်လုပ်တာကတော့ ကျတော်တို့ကရေလောင်း၊ ခြုံထူလာရင် ခြုံရှင်းပေါ့၊ မြေဩဇာထည့်မယ်ဦ မြေဆွတာတွေ၊ အပင်ကြီးလာရင်လည်း အကိုင်းအခတ်တွေများရှင်းလင်းတာတွေကို အဖွဲ့နဲ့အဖွဲ့ခွဲပြီးတော့လုပ်ဆောင်တာပါ။ အဓိကကတော့ ငှက်ပျောပင်စိုက်ပျိုးခြင်းရပ်ဆိုင်းလိုက်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ရှာဖွေစားသောက်ရေးအတွက် သွားလာရေးတွေအခက်တွေ့လာတော့ သူတို့အတွက်ရည်ရွယ်ပြီး လုပ်ဆောင်တာပါ” လို့ စိုက်ခင်းကြီးကြပ်သူ ဦးအွမ်ထက်လကရိုင် ကပြောပါတယ်။
ငရုတ်စိုက်ခင်းမှာတော့ ဂျဲယန်၊ ဖွန်လွန်ယန်စစ်ဘေးရှောင်စခန်းမှ ပြည်သူများ လုပ်ငန်းဝင်ရောက်နေကြတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ လုပ်ငန်းခွင်ဝင်ရောက်သူ အယောက် (၉၀) ကျော်ရှိပါတယ်။
ယခုလို စီမံကိန်းအပြင် အများပြည်သူ အကျိုးခံစားရရှိနိုင်မည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို ဆက်လက်တိုးချဲ့လုပ်ဆောင်သွားဖို့လည်း ကေအိုင်အိုအနေဖြင့် စီစဉ်ထားကြောင်း သိရပါတယ်။