တစ်ကျော့ပြန်စစ်ဖြစ်ပွားမှု ၉ နှစ်ပြည့် ဝတ်ပြုဆုတောင်းခြင်းကို မြောက်ပိုင်းတိုင်းဌာနချုပ်၊ တပ်မ ၁ ဒေသအတွင်းမှ ဌာနအဆင့်ဆင့်နဲ့ စစ်ဘေးရှောင်စခန်းနေရာများတွင် ပြည်သူအားလုံးပါဝင်တဲ့ ဝတ်ပြုဆုတောင်းခြင်းကို ဇွန်လ ၉ ရက်နေ့ မနက် ၇ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ မြောက်ပိုင်းတိုင်းဌာနချုပ် ဗဟိုကော်မတီအစီအစဉ်ဖြင့် ဆုတောင်းခြင်းတွင် ဘုရားသခင်ထံတော်မှ ကောင်းကြီးတောင်ခံခြင်း၊ အပြစ်ကျူးလွန်ခဲ့မှုများအတွက် တောင်းပန်ခြင်း၊ လွန်ခဲ့သော ၉ နှစ်လုံးလုံး အခက်အခဲများစွာကြား ဖြတ်သန်းနိုင်ခဲ့မှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ခြင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းလာဖို့၊ ကေအိုင်အိုအစိုးရရဲ့ နိုင်ငံရေး စစ်ရေးအောင်မြင်နိုင်ဖို့၊ စစ်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ခဲ့ရသော ပြည်သူများလုံခြုံစိတ်ချစွာနေထိုင်နိုင်ရေး အဖဘုရားသခင် ကွယ်ကာစောင့်ရှောက်ပေးဖို့၊ ကချင်ပြည်သူအားလုံး ကပ်ရောဂါဘေးကနေ လွတ်မြောက်နိုင်ဖို့နဲ့ တစ်ဦးတစ်ယောက်စီတိုင်းမှ လိုအပ်တဲ့ကျေးဇူးတရားများအတွက် ခွန်အားယူဝတ်ပြုဆုတောင်းခဲ့ကြကြောင်း သိရှိရပါတယ်။ လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကတည်းက အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ စစ်မက်ဖြစ်ပွားခဲ့တာဟာ ယခုနှစ် ၂၀၂၀ အရောက်မှာတော့ ၉ နှစ်တင်းတင်းပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။