တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရာမှ ကွတ်ခိုင်မြို့ဘက် ထပ်မံတိမ်းရှောင်ခဲ့ကြရတဲ့ ဇွပ်အောင်စစ်ဘေးရှောင်ပြည်သူအချို့က လက်ရှိမှာတော့ မူလနေထိုင်ရာ စစ်ရှောင်စခန်းဘက် ပြန်လည်နေထိုင်ကြပြီဖြစ်ကြောင်း သိရပါတယ်။
ဇွန်လ ၁၇ ရက်နေ့က ကွတ်ခိုင် စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ခလရ (၄၅) မှ လက်နက်ကြီးပစ်ခတ်လိုက်ချိန် စစ်ရှောင်စခန်းတွင်း ကျရောက်ပေါက်ကွဲကာ စစ်ရှောင်အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး ၂ ဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့တာကြောင့် စခန်းတွင်းရှိ စစ်ရှောင်ပြည်သူများ ကွတ်ခိုင်မြို့ဘက် တိမ်းရှောင်နေခဲ့ကြရတာဖြစ်ပါတယ်။
စစ်ရှောင်စခန်းဘက် လက်နက်ကြီး ပစ်ခတ်လိုက်မှုအပြင် စစ်ရေးလှုပ်ရှားမှုပါ တပ်မ (၇၇) ကပြုလုပ်လာတာကြောင့် အသက်ဘေးစိုးရိမ်ရဖွယ် အနေအထားအထိ ရှိခဲ့ကြောင်း သိရပါတယ်။
ထပ်မံတိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင်ပြည်သူများက ဇွန်လ ၂၀ ရက်နေ့မှာတော့ မိမိစခန်းဘက် ပြန်လည်ရောက်ရှိလာခဲ့ကြပြီ ဖြစ်ပေမယ့် လက်နက်ကြီးထပ်မံကျရောက်လာမှာနဲ့ တိုက်ပွဲများ ပြင်းထန်လာမှာကို စစ်ရှောင်ပြည်သူများက စိုးရိမ်နေကြရဆဲဖြစ်ပါတယ်။
ဇွပ်အောင် စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု (၃၀၀) ကျော်၊ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော် နေထိုင်နေတာဖြစ်ပြီး စခန်းနဲ့ မနီးမဝေးနေရာများတွင် TNLA, MNDAA တပ်များ တပ်စွဲနေရာယူထားသလို အကြမ်းဖက် စစ်ကောင်စီတပ်ကလည်း စစ်ရေးလှုပ်ရှားမှု ပုံမှန်လုပ်ဆောင်လေ့ရှိတာကြောင့် သတိကြီးစွာ နေထိုင်နေကြရပါတယ်။