ဆွမ်ပီယန်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး ကွတ်ခိုင်ရှိ တပ်စခန်း ၃ ခုကိုလည်း ကေအိုင်အေ တိုက်ခိုက်နိုင်ခဲ့

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ ဆွမ်ပီယန်ကျေးရွာ အထက်ပိုင်းတွင် တပ်စွဲနေရာယူထားတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၇)နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး ယနေ့ စစ်တပ်အာဏာသိမ်းခြင်း တနှစ်ပြည်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဆွမ်ပီယန်တွင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ရှင်ကပ်ဘွမ်၊ လုံရှားယန်တွင် တပ်စွဲနေထိုင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကာ နေ့လည် ၁၂ နာရီခန့်မှာတော့ ဆွမ်ပီယန်ရှိ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး စခန်းကိုတော့ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရပါတယ်။

ကျေးရွာနဲ့ နီးကပ်စွာရှိနေတဲ့ တပ်စခန်းဖြစ်နေတာကြောင့် ဆွမ်ပီယန်ဒေသခံများက ဘေးလွတ်ရာဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းလည်း သိရပါတယ်။

ထို့ပြင် ယနေ့တွင်ပင် အကြမ်းဖက် စစ်ကောင်စီတပ် နေရာယူထားတဲ့ ကွတ်ခိုင် ဗျူဟာကုန်း၊ နမ့်ခမ်း၊ နမ့်ခိုင်တံတားရှိ တပ်စခန်းများကိုလည်း ယနေ့ မနက် ၈ နာရီခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော် တပ်မဟာ (၆) တပ်ရင်း (၉) မှ ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူတွေရှိတဲ့ ကျေးရွာများဘက် လက်နက်ကြီးများဖြင့် ရမ်သမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကွတ်ခိုက် ရပ်ကွက် ၁ ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။

Leave a Reply

*