ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအနီး ဆုတောင်းတောင်တွင် မတ်လ ၄ ရက်နေ့ မနက် ၆ နာရီခန့်ကစတင်ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်မှ ဆွမ်ပီယန်ကျေးရွာအနီးရှိ RCM ဘုရားကျောင်းရှိ ဆုတောင်းတောင်နဲ့ KBC ဆုတောင်းတောင်တဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေတာကြောင့် KIA, PDF ပူးပေါင်းတပ်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက် စစ်ကောင်စီတပ်က ဆွမ်ပီယန်ကျေးရွာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြလုပ်တာကြောင့် နေအိမ် သုံးလုံး ထိခိုက်ပျက်စီးသွားခဲ့ရကြောင်း လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ဆွမ်ပီယန်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ တပ်စခန်းကို KIA, PDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ကာ တပ်စခန်းများကို ဖျက်ဆီးလိုက်ကာ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းလိုက်နိင်တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာတွင်း ဝင်ရောက်ကာ မွေနှောက်မှုတွေ ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
လက်ရှိတွင် ဆွမ်ပီယန်နဲ့ အင်စီးယာန်ကျေးရွာရှိ ဒေသခံများက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့မိသားစုများက တကွဲတပြားဖြစ်ပွားရတဲ့အထိ ဖြစ်ပေါ်ခဲ့ရကာ စားနပ်ရိက္ခာများနဲ့ ဆေးဝါးများလည်း အကူအညီလိုအပ်နေပြီဖြစ်ကြောင်း သိရပါတယ်။