ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ တရားမဝင်အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကြား ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် ဆွမ်ပရာဘွမ်၊ တနိုင်းနဲ့ အင်းတော်ကြီးဒေသ စတဲ့နေရာ သုံးနေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။
ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ဆူးယန်ကျေးရွာမှ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း (၁၀) မှ ဇနန်ချောင်းတံတားထိပ်တွင် ယနေ့ ဇွန်လ ၁၀ ရက် မနက် ၅ နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဆူးယန်ကျေးရွာမှ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ကေအိုင်အေနယ်မြေဘက် ထိုးစစ်ဆင်လာခြင်းကြောင့် ဇနန်ချောင်းတံတားထိပ်အရောက်တွင် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
တနိုင်းမြို့နယ်၊ နမ်ဖျက်ယန်ကျေးရွာထိပ်တွင်လည်း ဇွန်လ ၉ ရက်နေ့က ထိတွေ့မှုရှိခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၉၀)နဲ့ ခလရ (၈၆) ပူးပေါင်းထားတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ ခြေလျင်စစ်ကြောင်းနဲ့ ယနေ့မနက် ၇ နာရီခန့်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခံရအပြီး အကြမ်းဖက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေခဲ့ကာ မနက် ၉ နာရီခန့်မှာတော့ တိန်ကောက်တပ်စခန်းဖြစ်တဲ့ ခမရ (၃၈၂) တပ်စခန်းနဲ့ နမ်ဖျက်တပ်စခန်း ခမရ (၃၉) တပ်စခန်းများမှ ဖြတ်သန်းသွားလာတဲ့ ကား၊ ဆိုင်ကယ်များကို ဖြတ်သန်းခွင့်ပိတ်ပင်ထားမှု ရှိခဲ့ပါသေးတယ်။
ထို့အပြင် ယနေ့ နေ့လည် ၁၂ နာရီခန့်မှာတော့ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၁၁)နဲ့ ခလရ (၄၂) ပူးပေါင်းတပ်က ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၂၆) နယ်မြေဘက် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ကာ တစ်နာရီနီးပါး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကချင်ပြည်နယ်တလွှား အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်အပြောင်းအရွေ့နဲ့ စစ်ရေးလှုပ်ရှားမှုတွေက နေရာဒေသ တော်တော်များများတွင် ရှိလာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ခပ်စိတ်စိတ် ရှိလာနေပါတယ်။