ဆွမ်ပရာဘွမ်ဒေသတွင်း COVID-19 ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အချိန်သတ်မှတ်လုပ်ဆောင်

ဆွမ်ပရာဘွမ်ကျန်းမာရေးဌာနနဲ့ ဒေသတွင်းရှိ COVID-19 ကာကွယ်နှိမ်နှင်းရေးကော်မတီတို့ပူးပေါင်းပြီး လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါစိုးရိမ်ဖွယ် သတိထားရမည့်အချိန်ဖြစ်တာကြောင့် ဆွမ်ပရာဘွမ်မြို့အဝင်တွင် ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးမှု မနက် ၇ နာရီကနေ ညနေ ၇ နာရီအထိ လုပ်ဆောင်နေကာ အခြားအချိန်မှာတော့ ခရီးသွားလာခွင့်မပြုထားပါဘူး။ ခရီးသွားလာသူများကို ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်တဲ့အပြင် ဒေသတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးအသိပညာပေးမှုတွေကို လုပ်ဆောင်နေတဲ့အကြောင်း ဆွမ်ပရာဘွမ်ကျန်းမာရေးဌာနမှ ဆရာဝန်ဇိန်ဟန်လုဂျာက ပြောပါတယ်။ လယန်ဇွပ်ကျေးရွာတစ်ဝိုက် ကျောက်ဆစ်ခွဲလုပ်ငန်းလုပ်ဆောင်သူတွေထဲမှာ ရှမ်းပြည်နယ်၊ ဆီဆိုင်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားသူတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတာကြောင့် ကျေးရွာတစ်ဝိုက် သွားလာသူများ နှာခေါင်းစည်းမတပ်မနေရထုတ်ပြန်ထားကာ မတပ်သူများကို အရေးယူခြင်းများလုပ်ဆောင်မည်ဖြစ်ကာ၊ တည်းခိုရိပ်သာတွေ ရပ်နားထားခြင်း၊ ဆိုင်အတွင်း စားသုံးမှုခွင့်မပြုခြင်းစတဲ့ အချက်များကို ဒေသတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်နှိမ်နှင်းရေးကော်မတီက သတ်မှတ်ထားကာ သေချာစွာစီစစ်မှုတွေ လုပ်ဆောင်နေကြပါတယ်။ ဆွမ်ပရာဘွမ်ဒေသတွင်း ဆက်သွယ်ရေးခက်ခဲသလို ခရီးသွားလာခြင်းလည်း ခက်ခဲမှုရှိတာကြောင့် ဒေသခံများ ရောဂါဖြစ်ပွားမှုဖြစ်ပွားကာ အသွားအလာကန့်သတ်မှုတွေလုပ်ဆောင်ခဲ့ပါက အစားအသောက်ရရှိမှုခက်ခံသွားစေမှာဖြစ်တာကြောင့် ကျန်းမာရေးဌာနနဲ့ ဒေသတွင်း ကိုဗစ်-၁၉ ကော်မတီများအကြား စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ “ရောဂါကာကွယ်နှိမ်နှင်းရေးကို ယခင်ကထက်ပိုပြီးလုပ်ဆောင်ရမှာဖြစ်ပေမယ့် ခက်ခဲမှုတွေရှိတာကြောင့် နှာခေါင်းစည်းတွေ၊ လက်ဆေးဆပ်ပြာတွေလည်း မရှိတော့တာကြောင့် ပိုပြီး စိုးရိမ်မိတယ်။ ကျန်းမာရေးစစ်ဆေးတဲ့ဂိတ်တွေ ပိတ်ထားချိန်မှာလည်း ညပိုင်းမှာ ကား၊ ဆိုင်ကယ်တွေ ခိုးဝင်မှုတွေရှိတာကြောင့် ပိုစိုးရိမ်နေရပါတယ်” လို့ ဆွမ်ပရာဘွမ်မြို့မှ သင်းအုပ်ဆရာ ဇော်အောင်က ဆိုပါတယ်။ ဆွမ်ပရာဘွမ်မြို့အတွင်း အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူ ၄ ဦးရှိကာ ခရီးသွားလာသူများကို အစဉ်အမြဲစုံစမ်းမေးမြန်းခြင်းများလုပ်ဆောင်နေပေမယ့် မိုးတွင်းကာလာဖြစ်တာကြောင့် စောင့်ကြည့်ခံထားသူများရဲ့ နှာခေါင်းတို့ဖတ်နမူနာကို ကချင်ပြည်နယ်ကျန်းမာရေးဌာနဘက် ပို့ဆောင်ပေးဖို့နိုင်ဖို့ အခက်အခဲရှိနေကြောင်း သိရှိရပါတယ်။

Related posts

Leave a Reply

*