ဆွမ်ပရာဘွမ်ခရိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ​ သေဆုံးထိခိုက်မှုများပြားခဲ့

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်ခရိုင်၊ ကဝါးပန်ကျေးရွာအထက်ပိုင်းတွင် ယမန်နေ့ မေလ ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် တရားမဝင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အား ၅၀ ဝန်းကျင်ဖြင့် မနက် ၈ နာရီခန့်တွင် KIA တပ်စခန်းရှိရာ ဒရူချောင်းဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတာကြောင့် ကဝါးပန်ကျေးရွာအရောက်တွင် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့ကြောင်း သိရပါတယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာနဲ့ ဖာခစ် ကြားတွင်လည်း မေလ ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါသေးတယ်။

အဆိုပါမနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၄၄, ၆၆, ၇၇, ၉၉) ပူးပေါင်းတပ်မှ​ အင်အား (၈၀) ဝန်းကျင်ရှိ စစ်ကြောင်းက နမ့်ဖလွန်ကနေ KIA တပ်စခန်းရှိရာနေရာဘက် ထိုးစစ်ဆင်လာခြင်းကြောင့် ကေအိုင်အေတပ်မှ ခုခံတိုက်ခိုက်ခဲ့ပြီး ညနေပိုင်း ၁ နာရီခွဲခန့်ထိ နှစ်ကြိမ်တိုင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှု များပြားခဲ့ပြီး အဆိုပါစစ်ကြောင်း လက်ရှိအချိန်ထိ ရောက်ရှိရာနေရာတဝိုက် တပ်စွဲနေရာယူနေတာကြောင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်ခြေရှိနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

Leave a Reply

*