ဆဒုံ့ဘွမ်ဒေသ အင်ဘာပါကျေးရွာအုပ်စု ဆွတ်ငိုင်ဇွပ်ကျေးရွာမှာ ကိုဗစ်-၁၉ ကြောင့် ကြံစိုက်ခင်းလုပ်ငန်းအများစု အရှုံးပေါ်သွားခဲ့ပါတယ်။ အသက်မွေးဝမ်းကြောင်းအဖြစ် ကြံစိုက်ခင်းကို အဓိကထားလုပ်ဆောင်နေတဲ့ ဆွတ်ငိုင်ဇွပ်ကျေးရွာက ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် တရုတ်နိုင်ငံဘက်ကို ကြံအရောင်းအဝယ်အတွက် မပို့ဆောင်နိုင်ခြင်းကြောင့် အရှုံးပေါ်မှုဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်လို့ ဒေသခံများက ပြောကြပါတယ်။ “အေးအေ … ဒီနှစ်စိုက်ပျိုးချိန်မှာလည်း ယခုလိုပဲဆက်ဖြစ်နေရင်တော့ ကြံစိုက်ပျိုးခြင်းကတော့ လုပ်လို့မရတော့ဘူး။ အဲ့ဒါကြောင့် အရင်တုန်းကလို လယ်ယာပဲဆက်လုပ်ဖို့ စဉ်းစားထားတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ကြံစိုက်လုပ်ငန်း လုပ်ဆောင်ဖို့အဆင်မပြေတော့တာကြောင့် အရင်တုန်းကလို လယ်ယာနဲ့ ပြောင်းစိုက်ပျိုးခြင်းလုပ်ဆောင်ဖို့ ပြင်ဆင်ထားပေမယ့် နှစ်အတော်တော်များများ ကြံစိုက်ပျိုးထားတဲ့မြေဖြစ်တာကြောင့်ဒေသခံတွေက စိုက်ပျိုးမှု မအောင်မြင်မှာကို စိုးရိမ်နေကြပါတယ်။ ယခုလို အသက်မွေးဝမ်းကြောင်းလုပ်ငန်း အဆင်မပြေဖြစ်ပေါ်နေတဲ့ ဆွတ်ငိုင်ဇွပ်ကျေးရွာမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအသိပညာ သိရှိမှုနည်းပါးသူများစွာရှိနေကြသလို အခြားသောကျန်းမာဆိုင်ရာ အသိများလည်းလိုအပ်နေတာကြောင့် ကျန်းမာရေးအသိပညာပေးဖို့ များစွာလိုအပ်နေပါတယ်။