နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဆော့လော်မြို့အနီး ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၇ တပ်ရင်း ၄၆ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်ကိုင်တုတ်ဖြစ်ကြတဲ့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့က အင်အား ၅၀ ဝန်းကျင်ဖြင့် ဆော့လော်အသွားလမ်းတွင် နားနေစဉ် ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ကာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် ကေအိုင်အေတပ်မှ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီပူးပေါင်းအဖွဲ့မှလည်း အများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ကြောင်းက နိုဝင်ဘာလ ၂၈ ရက်နေ့က အင်အား ၁၀၀ ကျော်ဖြင့် စစ်လက်နက်ခဲယမ်းများ၊ ရိက္ခာများအပြည့်ဖြင့် ဆော့လော်ဘက် ဦးတက် အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထွက်လာခြင်းကြောင့် ကေအိုင်အေတပ်နဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။