ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆီးဒင်ယံကျေးရွာအနီးရှိ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ယနေ့ ဇူလိုင် ၃၁ ရက်နေ့ မနက် ၄ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၁၁) မှ ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကာ စစ်ကောင်စီဘက်မှ သေဆုံးမှုတွေရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် မိုးကောင်းမြို့ရှိ တကခ (၂) မှ တိုက်ပွဲဖြစ်ပွားရာနေရာဘက် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ချိန် ဆီးဒင်ယံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ရပါတယ်။
“သေဆုံးသွားရသူကတော့ မိုးကျော် လို့အမည်ရတယ်၊ လက်နက်ကြီးက ကျေးရွာအတွင်း ၃ လုံးလောက်ကျရောက်ပေါက်ကွဲတယ်၊ လမ်းအနီးမှာရှိတဲ့ သင်းထောက်တစ်ဦးရဲ့ နေအိမ်မှာလည်း လက်နက်ကြီးကျတယ် သေဆုံးတာကတော့ တစ်ဦးတည်းပဲ၊ အခြားတော့မထိခိုက်ဘူး၊ ဒီမနက် ကေအိုင်အေတွေ အာဏာသိမ်းစစ်တပ်ကို သွားတိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်တာကြောင့် သူတို့ပစ်တာလို့ ယူဆရတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားချိန် မနက် ၄ နာရီကနေ ၈ နာရီအထိ ကျေးရွာအတွင်းနဲ့ အနီးဝန်းကျင်ဘက် လက်နက်ကြီးများဖြင့် အဆက်မပျက်ပစ်ခတ်နေခဲ့တာကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ကြရကာ အချို့ကတော့ ဗုံးခိုကျင်းထဲတွင် ခိုလုံနေခဲ့ရကြောင်း သိရပါတယ်။
ထို့အပြင် ဇူလိုင် ၃၀ ရက်နေ့ မနက် ၄ နာရီခန့်တွင် မရန်ကထောင်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းဂိတ်ကို ကေအိုင်အေအဖွဲ့သားများ အလစ်ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။