ဆိုင်းဖရာဒေသခံများကို အကြမ်းဖက် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးချကာ စစ်ကြောင်းထွက် လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခိုက်ခံရ

ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းပေါ်ရှိ ပျားအုံကျေးရွာအနီးတွင် ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့မနက်ပိုင်းက ကေအိုင်အေတပ်ရင်း ၄၄ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၁) ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

နန့်ယားတပ်စခန်းကနေ ယမန်နေ့မနက် ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဆိုင်းဖရာကျေးရွာရှိ ပြည်သူ ၅၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ၁၂ ဘီးကားဖြင့် ခေါ်ဆောင်သွားပြီး ဖားကန့်မြို့ဘက် စစ်ကြောင်းထွက်လာကာ ခရီးဆက်စဉ် ဂတ်နွယ် (ပျားအုံ)ရွာအနီးတွင် ကေအိုင်အေတပ်မှ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဆိုင်းဖရာကျေးရွာတွင် တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စီးနင်းကာ အမျိုးသမီး၊ အမျိုးသား အယောက် ၅၀ ဝန်းကျင်ကို ဖမ်းဆီးပြီး ၁၂ ဘီးကားပေါ် တက်စေပြီး စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်ခေါ်ဆောင်သွားဖို့ ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးချခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးမှုနဲ့ အချို့ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံပြည်သူများနဲ့ ရောနှောကာ ၁၂ ဘီးကား ၂စီး၊ အိမ်စီးကားတစ်စီးဖြင့် ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာစဉ် ကေအိုင်အေတပ်မှ စစ်ကောင်စီယာဉ်တန်းများသာ မှတ်ထင်ပြီး ကြားဖြတ်တိုက်ခိုက်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံးပြီး ၂၀ ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရသူများထဲမှ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများကို မနက်ပိုင်းတွင် လွတ်ပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း နေ့လည်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့ကြောင်းသိရကာ ဆိုင်းဖရာဒေသခံများက လက်ရှိတွင် နီးစပ်ရာကျေးရွာများဘက် တိမ်းရှောင်နေကြရပါတယ်။

Leave a Reply

*