ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။
ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရဲစခန်းကို ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီခန့်တွင် ကေအိုင်အေတပ်မှ ဒရုန်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ကေအိုင်အေတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်စဉ် ရဲစခန်းဝင်းတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရဲတစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခိုင်လုံတဲ့သတင်းတွေ အရသိရပါတယ်။
ဖားကန့်ဒေသတွင် အကြမ်ဖက် စစ်ကောင်စီတပ်သားများနဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ရဲတပ်များ ပူးပေါင်းပြီး မြို့တွင်း စစ်ရေးလှုပ်ရှားမှု ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ကေအိုင်အေတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုတွေကလည်း ဆက်တိုက်ရှိနေကြောင်း သိရပါတယ်။
ယမန်နေ့ကစတင်ပြီး လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံ (မဒဲယန်) အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး လက်နက်ကြီးလက်နက်ငယ်သံများကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရပြီး မဒဲယန်ဒေသခံများက နေအိမ်အပြင်ထွက်ဖို့တောင် မဖြစ်နိုင်တဲ့အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဖားကန့်ဗျူဟာကုန်းနဲ့ မဇွပ်ယန် အချုပ်ထောင် ကနေ လက်နက်ကြီး ပစ်ခတ်နေမှုများ ဆက်တိုက်လုပ်နေကာ ဒေသခံနေအိမ်အနီး လက်နက်ကြီးအပိုင်းအစ ကျရောက်မှုတွေအထိ ဖြစ်ပေါ်နေကာ ယနေ့ညနေပိုင်းတွင်လည်း လက်နက်ကြီး ပေါက်ကွဲသံများကြောင့် အနီးဝန်းကျင်ရှိ ကျောက်စိမ်းလုပ်ကွက်ရှိ လုပ်သားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းများအရ သိရပါတယ်။
ဓါတ်ပုံ-ယနေ့ည ၈ နာရီချိန် လက်နက်ကြီးပေါက်ကွဲသံကြောင့် မှော်စီစာ ကျောက်စိမ်းလုပ်ကွက်များအတွင်းမှထွက်ပြေးနေကြသော မြင်ကွင်း
Photo Credit ot Owner