ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင်ရှိတဲ့ ဆလော်ကုန်း (တာဝါတိုင်) တွင် ကေအိုင်အေတပ်မဟာ (၅) နဲ့ စစ်ကောင်စီတပ်ကြား ယနေ့ ဧပြီ ၂၉ ရက်နေ့ မနက် ၅ နာရီတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကာ ၆ ရက်ဆက်တိုက် ဖြစ်ပွားနေတာပဲဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ဗန်းမော်ခရိုင် မိုးမောက်မြို့တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက ဆလော်ကုန်းဘက်ကို ၁၀၅-မမ လက်နက်ကြီးဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်ခဲ့သလို မနက် ၉ နာရီခွဲအချိန်ခန့်မှာတော့ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
“ဒီမနက် ၅ နာရီလောက်မှာ တိုက်ပွဲပြန်ဖြစ်တယ် အဲ့ဒီမှာ မိုးမောက်ဘက်ကနေ စစ်ကောင်စီတပ်တွေက ၁၀၅-မမ နဲ့ ပစ်တယ် ဂျက်တိုက်လေယာဉ် ရဟတ်ယာဉ်တွေနဲ့လည်း လာပစ်တယ်” လို့ ရှေ့တန်းစခန်းရောက်ရှိနေသူကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များက ကေအိုင်အေတပ်ရှိရာ ဆလော်ကုန်းဘက်တွင် စစ်အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ဧပြီ ၁၂ ရက်နေ့က တဖန်ပြန်လည်စတင်ပြီး ဧပြီ ၂၉ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကာ ဧပြီ ၂၈ ရက်နေ့လည် ၁၁ နာရီခွဲတွင်လည်း စစ်ကောင်စီတပ် ခမရ (၃၈၇)မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်မှုကြောင့် ကုန်းလောကျေးရွာပြည်သူ တစ်ဦးသေဆုံးခဲ့ရကြောင်း သိရပါတယ်။
ထိုပြင် ဧပြီ ၂၈ ရက်နေ့က KIA တပ်မဟာ (၃) တပ်ရင်း ၁၂ နယ်မြေ သံတံတားကျေးရွာတွင် အာဏာသိမ်းစစ်တပ် ခလရ (၂၇၆) နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သလို ထိုနေ့မှာပင် ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၉) နယ်မြေ Magwi Wulu Hkyet ရှိ အူရားဘွမ်တွင် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ် တပ်မ (၉၉) နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။