ဆလောင်းကုန်းတွင် KIA တပ်၊ AA တပ် ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ ဆလောင်းကုန်းအနီးတဝိုက်တွင် ကေအိုင်အေတပ်မဟာ (၅) တပ်ရင်း (၂၅) တပ်ဖွဲ့နဲ့ ယနေ့မေလ ၇ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ကတည်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တစ်နေ့လုံးနီးပါး ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်အနေဖြင့် ကေအိုင်အေတပ်စွဲထားရာနေရာဘက်ကို ဘူဒိုဇာ၊ မြေကော်ကားများအသုံးပြုကာ စစ်အင်အားအမြောက်အမြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် KIAတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သလို နေ့လည်ပိုင်းတွင်လည်း အလော့ဘွမ်နဲ့ ဆလောင်းကုန်းဘက် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် ၄ ကြိမ်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ယမန်နေ့တွင်လည်း ကေအိုင်အေ တပ်ရင်း (၂၅) နယ်မြေ ဆလောင်းကုန်းတွင် စစ်ကောင်စီတပ်က နေ့လည် ၁၂ နာရီဝန်းကျင်ကနေ ညနေ ၅ နာရီခွဲအချိန်ထိ ဂျက်တိုက်လေယာဉ်များဖြင့် ၅ ကြိမ် တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် မိုးမောက်တွင် တပ်စွဲထားတဲ့ လက်နက်ကြီးတပ် အမတ (၃၇၀)တပ်က ၁၂၂-မမ ဖြင့် ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ထို့ပြင် ယမန်နေ့ညမှာတော့ ကေအိုင်အေတပ်မဟာ (၃) တပ်ရင်း (၁၂) တပ်ဖွဲ့မှ ရွှေကူ၊ ကျောက်ကြီးကျေးရွာအနီးကနေ ဧရာဝတီမြစ်အတိုင်း ဗန်းမော်မြို့ကို စစ်အင်အား၊ လက်နက်အင်အားတိုးချဲ့ဖို့ မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၂စီးကို စောင့်ကြိုတိုက်ခိုက်လိုက်တာကြောင့် စစ်ကောင်စီရဲ့ သင်္ဘောတစ်စီး ရပ်တန့်သွားကာ ကျန်တစ်စီးက ပြန်လည်ခေါက်ပြန်သွားကြောင်း သိရပါတယ်။

မေလ ၆ ရက်နေ့က ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၁၇) နယ်မြေ Sin Li ဘက် ခြေလျင်တပ်ရင်းဖြင့် ချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်ခွဲ (၃၉)မှ ကွတ်ခိုင်မြို့ မန်ပင်းအနီး ဘန်လုံကျေးရွာလမ်းတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ယမန်နေ့တွင် ဆွမ်ပရာဘွမ်မြို့နယ် ၁၆ မိုင်နေရာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကေအိုင်အေ (၄) တပ်ဖွဲ့မှ မနက် ၄ နာရီခွဲအချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Leave a Reply

*