ကေအိုင်အေဌာနချုပ် တပ်မဟာ (၅) နယ်မြေရှိ ဆလောင်းကုန်း (တာဝါတိုင်) တွင် ယနေ့တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲပြင်းထန်ဆဲဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ ဆလောင်းကုန်းအနီးဝန်းကျင်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုလုပ်ဆောင်တဲ့အပြင် လေကြောင်းဖြင့်ပါ လာရောက်ဗုံးကြဲတိုက်ခိုက်တာ နှစ်ပတ်နီးပါရှိနေတာဖြစ်ပြီး မေလ ၃ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ကေအိုင်အေတပ်မှ ပစ်ချနိုင်ခဲ့မှုတွေရှိခဲ့ကာ မတ်လ ၂၅ ရက်နေ့ အလော့ဘွမ်တပ်စခန်းကို ကေအိုင်အေတပ်က သိမ်းပိုက်လိုက်အပြီး နေ့စဉ်နေ့တိုင်းလိုလို နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ယမန်နေ့ မေလ ၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ်များအနေဖြင့် ဆလောင်းကုန်းအနီးဘက် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်တဲ့အပြင် ဂျက်တိုက်လေယာဉ် တစ်စီးဖြင့်လည်း ၂ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ကာ မိုးမောက်မြို့တွင် တပ်စွဲထားတဲ့ လက်နက်ကြီးတပ် အမတ (၃၇၀) တပ်၊ ခမရ (၃၂၀, ၃၈၇, ၄၃၈) တပ်တွေကလည်း လက်နက်ကြီးအမျိုးအစားစုံလင်စွာဖြင့် ဂျော်မော်တပ်စခန်း ဝန်းကျင်ဘက် ပစ်ခတ်မှုတွေ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကြပါတယ်။
ထို့ပြင် ယမန်နေ့မှာပင် ကေအိုင်အေတပ်မဟာ (၅) တပ်ရင်း (၃) နယ်မြေတွင်လည်း ဝိုင်းမော်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခလရ (၅၈) တပ်မှ နန်ဇော်တပ်စခန်းဘက်ကို ၁၀၅-မမ ဖြင့် ၅ ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်မှုလည်း ရှိခဲ့ပါတယ်။
သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း နန့်ဖက်ကာမြို့နယ် ကောင်လင်နဲ့ ဓါထိကြား ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား ယနေ့နေ့မှာပင် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါသေးတယ်။