ဆယ်ဇင် စစ်ရှောင်ပြည်သူများကို UNOCHA မှ လိုအပ်တဲ့ အကူအညီပေးအပ်သွားမည်

ဖားကန့်မြို့နယ်၊ ဟောင်းပါးအုပ်စု၊ ဆယ်ဇင်းကျေးရွာတွင် ဇူလိုင် လကုန်ပိုင်းကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်၊ ဒေသပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဆယ်ဇင်းဒေသခံများကို UNOCHA မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီတွေပေးအပ်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဆယ်ဇင်းကျေးရွာ မီးလောင်နေစဉ်

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ဆယ်ဇင်းကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးသွားခဲ့ရသလို စကစတပ်နဲ့ SNA ပူးပေါင်းတပ်မှ မီးတင်ရှို့မှုတွေလည်း ရှိခဲ့တာကြောင့် နေအိမ် အနည်းဆုံး ၄၀၀ နီးပါ မီးဘေးသင့်ခဲ့ရကာ သတ်ဖြတ်ခြင်းခံရတဲ့ ဒေသခံပြည်သူများလည်း များပြားစွာရှိခဲ့ပြီး လူဦးရေ ၂၀၀၀ ကျော်လည်း တာမခံနဲ့ ဟောင်းပါးကျေးရွာများရှိ စစ်ရှောင်စခန်း ၆ ခုတွင် ရောက်ရှိခိုလှုံနေကြရကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိ ဆယ်ဇင်းကျေးရွာအတွင်း ပိတ်မိနေသူများလည်း ရှိနေသေးတာကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ရသူ အရေအတွက် ပိုမိုများပြားနိုင်တာကြောင့် UNOCHA အနေဖြင့် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ကာ လိုအပ်တဲ့ အကူအညီများကို ပေးအပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပြီး စစ်ရှောင်ပြည်သူများကို လက်ရှိ ကူညီနေတဲ့ အဖွဲ့များကလည်း အကူအညီအထူးလိုအပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်တါရီလ မြန်မာစစ်တပ် အဓမ္မအာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၀၃,၀၀၀ ဦးအပါအဝင် လူဦးရေ ၁ ဒသမ ၂ သန်းကျော် (၁,၂၄၉,၆၀၀) နေရပ်စွန့်ခွါထွက်ပြေးနေရဆဲဖြစ်ကြောင်း ဩဂုတ်လ (၈) ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရ သိရှိရပါတယ်။ 

Leave a Reply

*