ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာတွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော်ရဲ့ တပ်စခန်း ၂ ခုကို ယနေ့ ဩဂုတ်လ ၈ ရက်နေ့ မနက် ၂ နာရီခန့်တွင် KIA, KPDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ် ခမရ (၁၁၉)တပ်နဲ့ ပူးပေါင်းနေတဲ့ SNA တပ်တို့ရဲ့ ဆယ်ဇင်းကျေးရွာရှိ တပ်စခန်း ၂ ခုကို KIA, KPDF ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကာ မနက် ၅ နာရီခန့်မှာတော့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းရှင်းလင်းရေးလုပ်ဆောင်ကာ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ဆယ်ဇင်းတွင် တိုက်ပွဲဖြစ်ပွားအပြီးမှာတော့ ကံဆီးတွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က မနက် ၆ နာရီခန့်တွင် နမ့်ဂျန်ကျေးရွာဘက် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
ဖားကန့်မြို့ ဆယ်ဇင်းကျေးရွာတွင် ဇူလိုင်လလယ်ပိုင်းကတည်းက နှစ်ဖက်တပ်ကြား ထိတွေ့တိုက်ပွဲတွေ ရှိနေခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေသေးတာကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ခြေရှိနေတာကြောင့် ဒေသခံပြည်သူအချို့ကတော့ တာမခံဘက် စစ်ဘေးရှောင်နေကြရပါတယ်။