ဆယ်ဇင်းတွင် KIA, KPDF ပူးပေါင်းတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီ တိုက်ပွဲ ပြင်းထန်ဆဲ

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် ဇူလိုင် ၁၆ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေရာ ယနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက် ၆ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၂၆) တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၇၆)နဲ့ ခလရ (၄၂) ပူးပေါင်းတပ်က ကေအိုင်အေနယ်မြေဘက် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခဲ့ကာ ၉ နာရီအချိန်ခန့်မှာတော့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် သုံးကြိမ်တိုင် လာရောက်ပစ်ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွင် အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၄၀ ဖြင့် ထိုးစစ်ဆင်လာခဲ့ကာ KIA, KPDF ပူးပေါင်းတပ်နဲ့ သုံးကြိမ်တိုင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုရှိခဲ့သလို KPDF မှ တစ်ဦးကျဆုံးခဲ့ရကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရသိရပါတယ်။

ဟူးကောင်းဒေသ ကေအိုင်အေတပ်ရင်း (၁၄) နယ်မြေတွင် ယနေ့မနက် ၄ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၊ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ကေအိုင်အေ ရှေ့တန်းစခန်းတစ်ခုကို အလစ်ဝင်ရောက်တိုက်ခိုက်လာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*