ဆယ်ဇင်းတိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာနေသည့်တိုင် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ဝိုင်းမော်မြို့နယ်၊ နန်ဇော်ယန်ကျေးရွာအနီး ဝါရှဂါဘွမ်တွင် ယနေ့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၉ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၃)နဲ့ အကြမ်းဖက် စစ်ကောင်စီ၊ လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကေအိုင်အေနယ်မြေဘက် ထိုးစစ်ဆင်လာတဲ့ အဆိုပါ ပူးပေါင်းအဖွဲ့ကို KIA တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ဝါရှဂါဘွမ် အတက်လမ်းတဝိုက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် ၁၀ နာရီခန့်မှာတော့ ဝိုင်းမော် ခလရ (၅၈) တပ်စခန်းကနေ လက်နက်ကြီးများဖြင့် ပစ်ကူမှုရှိခဲ့တဲ့အပြင် ဝါရှောင်-ချီဖွေ လမ်းဆုံရှိ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ညနေပိုင်း ၃ နာရီခွဲအချိန်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုလည်း ထပ်မံ လုပ်ဆောင်နေခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်က ဝါရှဂါဘွမ်ရှိ ကေအိုင်အေ ရှေ့တန်းတပ်စခန်းတစ်ခုကို အင်အား အမြောက်အမြားဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ယမန်နေ့ဖြစ်ပွားခဲ့တဲ့ ဆယ်ဇင်းတိုက်ပွဲမှာတော့ ပိတ်မိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၄၂) ဒုတပ်ရင်းမှူး လှိုင်ထက်ဦး ဦးဆောင်တဲ့ အင်အား (၄၀) ပါစစ်ကြောင်းကို အင်အားဖြည့်ဖို့ ဆယ်ဇင်းတပ်စခန်းကနေ ချီတက်လာတဲ့ တပ်ရင်းမှူး စိန်မင်းတင် ဦးဆောင်တဲ့ ခမရ (၁၁၆) တပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က အင်အား (၁၅၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာစဉ် ကေအိုင်အေတပ်ရင်း (၃၁) နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ အထိအခိုက်များခဲ့သလို အိမ်စီးကား ၃ စီးဖြင့် ၆ ကြိမ် သယ်ဆောင်မှု ပြုလုပ်ခဲ့ရပြီး ၅၀ ဦးခန့်သာ ဆယ်ဇင်းတပ်စခန်းဘက် ပြန်လာခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

 ဟူးကောင်းဒေသ၊ ရှဒူးဇွပ်ကျေးရွာမှာတော့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စံပြကျေးရွာ ပြည်သူ့စစ်အဖွဲ့က ဖြတ်သန်းသွားလာတဲ့ ပြည်သူများကို စစ်ဆေးခြင်း ပြင်းထန်စွာ လုပ်ဆောင်နေပြီး ပြည်သူ ၂၀ ဦးလောက်ကိုလည်း အပြစ်မရှိ ဖမ်းဆီးထားမှုတွေ ရှိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*